နေပြည်တော်(နိုဝင်ဘာ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် အမတ်လောင်းများ ရွေးချယ်ရာတွင် ဒေသခံဖြစ်သူကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးက နိုဝင်ဘာ ၃ရက်တွင် ပြောသည်။
“အဓိက ဦးစားပေးကတော့ သက်ဆိုင်ရာ ဒေသခံ ဖြစ်ရမယ်။ အဲ့ဒီဒေသမှာ မနေရင်တောင်မှ သူသည် အဲ့ဒီ ဇာတိဖြစ်ဖို့ ရွေးထားပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။
အဆိုပါ အမတ်လောင်းများ၏ အမည်စာရင်းကိုလည်း လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်သွားရန် ရှိနေသည်။
လစ်လပ်မဲဆန္ဒနယ် အားလုံးတွင် ဝင်ပြိုင်ရန်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အမတ်လောင်းများကို ဗဟိုက တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ဘဲ အောက်ခြေက ရွေးချယ်သော ဒေသခံပြည်သူများ နှစ်သက်သူကိုသာ ရွေးချယ်သွားမည်ဟု ဦးမြင့်စိုးက ဆိုသည်။
“ယခင်တုန်းကတော့ အဲ့လောက်ကြီးအထိ အချိန်မရဘူး။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဗဟိုကနေ တိုက်ရိုက်ချတဲ့စနစ် လုပ်ခဲ့တာပေါ့။ ဒီအပေါ်မှာပဲ အောက်ခြေက မလွန်ဆန်နိုင်တဲ့အခါကျတော့ ဒီလိုပဲ ရွေးခဲ့ရတဲ့ အနေအထားတွေ ရှိခဲ့တာပေါ့။ အခုတော့ အဲ့လို မဟုတ်ဘူး။ သေချာအချိန်ပေးပြီးတော့ရွေးဖို့ လုပ်ခိုင်းထားတယ်” ဟု ဦးမြင့်စိုးက ပြောသည်။
၂၀၁၇ခုနှစ်၊ ဧပြီ ၁ရက်တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် တံဆိပ်တုံးထုပြီး မဲပေးသည့်စနစ်ဖြင့်သာ ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးလှသိန်းက အောက်တိုဘာ ၂၄ရက်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြောဆိုထားသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အသီးသီးပြောဆိုထားသည်။
ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းအား သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာမည့် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ ၁၄ရက်အထိ ထုတ်ပြန်ကြေငြာပေးမည် ဖြစ်သည်။
ထို့ကြောင့် မဲစာရင်းကောက်ယူခြင်းနှင့် မဲဆန္ဒရှင်စာရင်း ကြေငြာသည့်အချိန်တွင် မဲစာရင်းအား သွားရောက်ကြည့်ရှုပြီး လိုအပ်သော တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ပါဝင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေတ္တာရပ်ခံထားသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်များ လစ်လစ်နေသော မဲဆန္ဒနယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ
(၁) မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၂) ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၃) အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၄) လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၅) ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၆) ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၇) ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၈) ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၉) မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
လစ်လပ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များ
၁) ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)
၂) ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၄)
၃) ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၆)
လစ်လပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များ
၁) ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
၂) ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)
၃) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
၄) ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)
၅) ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
၆) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)
၇) မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)