လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၆ ။ ။ ပေါ့ပ်ကြယ်ပွင့် လေဒီဂါဂါက တေလာကင်နီနှင့် စေ့စပ်ပွဲဖျက်သိမ်းပြီးသည့်အချိန်မှစ၍ ၎င်း နှင့် တေလာကင်နီတို့သည် ရင်းရင်းနှီးနှီးရှိနေသေးကြောင်း Howard Stern အစီစဉ်ကို ပြောကြားခဲ့သည်။
အသက် ၃၀နှစ်အရွယ်ရှိ လေဒီဂါဂါက အသက် ၃၅ နှစ်အရွယ်ရှိ မင်းသား တေလာကင်နီနှင့် ငါးနှစ်ကြာတွဲခဲ့ပြီးနောက် ဇူလိုင်လက လမ်းခွဲပြတ်စဲခဲ့သော်လည်း တစ်ယောက်နှင့် တစ်ယောက် ကူညီဖေးမှုများရှိပြီး မေတ္တာရှိနေဆဲဖြစ်ကြောင်း The Howard Stern အစီစဉ်တွင် ပြောကြားခဲ့သည်။
“ကျွန်မ တေလာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံရေး ရှိသေးတယ်။ သူက ကျွန်မရဲ့ ချစ်သူတစ်ယောက်ဖြစ်သလို သူငယ်ချင်းတစ်ယောက်အဖြစ် အချိန်ကာလာရှည်သိကျွမ်းခဲ့တဲ့ သူတစ်ယောက်ဖြစ်တယ်။ သူက ကျွန်မရဲ့ တေးအယ်လ်ဘမ်သစ် “Joanne” အတွက် ထောက်ပံ့မှုတွေ ပေးတယ်။ ကျွန်မလည်း သူရဲ့ “Chicago Fire” အစီစဉ်မှာ ထောက်ပံ့မှုတွေပေးတယ်” ဟု လေဒီဂါဂါက Howard Stern အစီစဉ်ကို ပြောကြားခဲ့သည်။
လေဒီဂါဂါ နှင့် ကင်နီတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်က “You and I” တေးဂီတဗီဒီယိုရိုက်ကူးမှုတွင် တွေ့ဆုံခဲ့ကြပြီး ၂၀၁၅ ခုနှစ်က စေ့စပ်ခဲ့ကြသည်။ လေဒီဂါဂါက ၎င်းနှင့် တေလာတို့ နှစ်ဦးသည် အချစ်ဇာတ်လမ်းကို ခေတ္တရပ်နားထားကြောင်း ပြောကြားခဲ့သော်လည်း ဇူလိုင်လက လမ်းခွဲခဲ့ကြသည်။
လေဒီဂါဂါသည် အောက်တိုဘာ ၂၅ရက်က ၎င်း၏ပဉ္စမမြောက် တေးအယ်လ်ဘမ် “Joanne” ကိုဖြန့်ချိခဲ့ပြီး ယင်းနေ့တွင်ပင် လေဒီဂါဂါက နိုဝင်ဘာ ၂၀ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အမေရိကန် တေးဂီတဆုပေးပွဲတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။