အောက်တိုဘာ ၁၃ ။ ။ ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူယာဒက်ဂျ် တက်ရောက်ကုသနေရသော ဘန်ကောက်မြို့ သီရိရာဇာဆေးရုံ အပြင်ဘက်တွင် ပြည်သူများ ဆက်လက်စုဝေးကာ ဘုရင့်ကျန်းမာရေးအတွက် ဆုတောင်းပေးမှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိသည်။
ကမ္ဘာ့နန်းသက်အရှည်ဆုံးသော ထိုင်းဘုရင်ကြီးသည် ရောဂါဝေဒနာများ ခံစားခဲ့ရကာ လပေါင်းများစွာကြာ ကုသမှုခံယူနေရသူဖြစ်ကာ လက်ရှိအချိန်တွင် အခြေအနေမှာ လွန်စွာ စိုးရိမ်နေရလျက်ရှိသည်။
ထိုင်းပြည်သူများအနေဖြင့် ၎င်းတို့၏ ဘုရင်ကြီး ပြန်လည်သက်သာလာစေရေးအတွက် ဆုတောင်းပေးနေကြကာ ဘုရင်ကြီးအပေါ် လေးစားကြည်ညိုမှုကို ပြသနေကြသည်။ ပြည်သူအများစုမှာ ဆေးရုံပြင်ပ မြေပြင်တွင် စုဝေးထိုင်နေကြပြီး ယနေ့နံနက်အစောပိုင်းကတည်းက ဆုတောင်းမေတ္တာပို့နေခဲ့ကြသည်။
ဘုရင်ကြီးတက်ရောက်နေသော ဆေးရုံသို့ ကိုယ်တိုင်ကိုယ်ကျရောက်မလာနိုင်သူများကလည်း လူမှုမီဒီယာများတွင် ဘုရင်ကြီးအပေါ် လေးစားကြည်ညိုကြောင်းနှင့် အမြန်ဆုံးပြန်လည်ကျန်းမာရေးလာရေး ဆုတောင်းပေးကြောင်းကို ထုတ်ဖော်ပြသခဲ့ကြသည်။
ယင်းနိုင်ငံတွင်းရှိ ဖေ့ဘွတ်ခ် သုံးသူ အများစုသည် ၎င်းတု့ိ၏ profile ပရိုဖိုင်ပုံများကို "ဘုရင်ကြီးကို လေးစားကြည်ညိုပါတယ်" ၊ "ဘုရင်ကြီးအသက်ရာကျော်ရှည်ပါစေ" ဆိုသည့် စာသားများပါသော ပုံများ ပြောင်းလဲထားကြသည်။ ယင်းစာသားများကို ပန်းရောင်အောက်ခံပေါ်၌ အဝါရောင်အသဲပုံတစ်ခုပါသော ပုံတွင် ရေးသားထားခြင်းဖြစ်သည်။
အဝါရောင်သည် ဘုရင်ဘူမိဘောနှင့် ၎င်း၏ မွေးနေ့တို့နှင့် ဆက်စပ်မှုရှိကာ နိုင်ငံသားအများစုအနေဖြင့် တော်ဝင်မိသားစုအပေါ် လေးစားကြည်ညိုကြောင်း ဖော်ထုတ်ပြသရာတွင် အသုံးပြုလေ့ရှိသည်။
ထိုင်းဘုရင်၏ အခြေအနေစိုးရိမ်နေရချိန်တွင် ယမန်နေ့ကတည်း အိမ်ရှေ့စံမင်းသား ဝဇီရာလောင်ကွန်း၊ မင်းသမီး သီရိဒုံ အပါအဝင် ဘုရင့်မိသားစုဝင်များ ဆေးရုံတွင် ရောက်ရှိနေကြပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှာလည်း အရေးကြီးကိစ္စကြောင့် ခရီးစဉ်တစ်ခုကို ဖျက်ကာ ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
# ရုပ်သံကြည့်ရန်