စက်တင်ဘာ ၃၀၊ လန်ဒန်။ ။ အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် ဝိန်းရွန်နီ ဆက်ရှိနေမည်ဖြစ်ကြောင်း ယာယီနည်းပြ ဂရတ်ဆောက်ဂိတ်က အတည်ပြု ပြောဆိုသည်။
ဆောက်ဂိတ်သည် ဆမ်အလာဒိုက် ထွက်ခွာသွားပြီးနောက် အင်္ဂါနေ့တွင် အင်္ဂလန်အသင်းကို တာဝန်ယူခဲ့ပြီး ကြာသပတေးနေ့တွင် မန်ချက်စတာယူနိုက်တက်အသင်း ခေါင်းဆောင်ကို ပြောဆိုခဲ့ခြင်းဖြစ်သည်။
အသက် ၃၀ အရွယ် ရွန်နီကို နည်းပြအဖွဲ့က အသင်း ခေါင်းဆောင်အဖြစ် ဆက်လက်မြင်တွေ့လိုပြီး ဆောက်ဂိတ်ကလည်း ဆက်လက် တာဝန်ပေးမည်ဖြစ်သည်။
ဆောက်ဂိတ်သည် မော်လ်တာ၊ ဆလိုဗေးနီးယားတို့နှင့် ကစားရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းကို တနင်္ဂနွေတွင် ထုတ်ပြန်မည်ဖြစ်သည်။
ရွန်နီသည် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် အင်္ဂလန်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့သည့် ဆမ်အလာဒိုက် လက်ထက်ကလည်း အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးခံခဲ့ရသည်။
ရွန်နီသည် စက်တင်ဘာ ၄ တွင် ဆလိုဗက်ကီးယားကို ၁-၀ ဂိုးဖြင့်နိုင်သည့်ပွဲ၌ အင်္ဂလန်အသင်းကို ဦးဆောင်ခဲ့သော်လည်း ကစားမည့်နေရာ နှင့်ပတ်သက်ပြီး အငြင်းအခုန် ဖြစ်နေရဆဲဖြစ်သည်။
Ref; BBC