စက်တင်ဘာ ၂၈၊ ရန်ကုန်။ ။ မြန်မာလက်ရွေးစင်အသင်းမှ ကစားသမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူးကျော်ကိုကို၊ ကွင်းလယ်လူ သီဟဇော်တို့ ဥရောပခြေစမ်း ခရီးစဉ်မှ အိမ်ပြန်စေလွှတ်ခံရခြင်းမှာ နည်းစနစ်နှင့်အံဝင်အောင်ကစားနိုင်ခြင်းမရှိ၍ နည်းပြချုပ်က ဆုံးဖြတ်ခဲ့ခြင်းဟု မြန်မာ အသင်းမီဒီယာအရာရှိ ဦးဇော်မင်းထိုက်က ပြောသည်။
ဂျာမနီနိုင်ငံတွင်ရောက်ရှိနေသည့် ပဏာမမြန်မာလက်ရွေးစင်အသင်းသည် ဥရောပကလပ်အသင်းများနှင့် ခြေစမ်းပွဲ (၄)ပွဲ ကစားပြီးနောက် လက်ရှိလူစာရင်း (၂၅)ဦးမှ (၂)ဦး လျှော့ချကာ ပဏာမကစားသမား ၂၃ ဦးဖြင့် ဆက်လက်လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပဏာမလူစာရင်းမှ ချန်လှပ်ခဲ့ရသည့် ကစားသမား (၂)ဦးမှာ ရှေ့တန်းလူ ကျော်ကိုကို နှင့် ကွင်းလယ်လူ သီဟဇော်တို့ ဖြစ်ကြကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ ကြေညာခဲ့သည်။ ယင်းကစားသမားနှစ်ဦးမှာ စက်တင်ဘာ ၂၈ တွင်ဂျာမနီမှထွက်ခွာလာပြီး ၂၉ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။
မြန်မာလက်ရွေးစင်အသင်းနည်းပြအဖွဲ့အနေဖြင့် အဆိုပါကစားသမား(၂)ဦးအား ဆိုက်ပရပ်စ်လေ့ကျင့်ရေးခရီးစဉ်သို့ လိုက်လိုက လိုက်ပါနေထိုင်ပြီးမှသာ အတူတကွ ရန်ကုန်သို့ပြန်ရန် (သို့မဟုတ်) ဆိုက်ပရပ်စ်ထိ မလိုက်တော့ဘဲ ဂျာမနီမှ ရန်ကုန်သို့ ပြန်မည်ဆိုက ပြန်ရန် ရွေးချယ်ခွင့်ပေးခဲ့ရာ ကစားသမားများမှ ရန်ကုန်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့သဖြင့် လေယာဉ်ခရီးစဉ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း မြန်မာဘောလုံးအဖွဲ့ချုပ်က ကြေညာထားသည်။
ကျော်ကိုကိုနှင့် သီဟဇော်တို့ အိမ်ပြန်လွှတ်ခံရခြင်းနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးထွက်ပေါ်နေရာ ဦးဇော်မင်းထိုက်က “နည်းပြအဖွဲ့ရဲ့အကြောင်းပြချက်ကတော့ နည်းစနစ်နဲ့အံဝင်အောင် မကစားနိုင်လို့ပါ။ နည်းပြချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ။ စည်းကမ်းကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး။ အသင်းမှာတော့ စည်းလုံးမှုကို ဦးစားပေးတာက မစ္စတာဂတ်ရဲ့ ခိုင်မာတဲ့ ပေါ်လစီပဲ။ အသင်းလိုက်ကို သူဦးစားပေးတာပါ”ဟု ပြောသည်။