၂၀၁၄ ခုနှစ်အတွင်း ဟက်ကာများက Yahoo အီးမေးလ် အသုံးပြုသူ အကောင့်ပေါင်း သန်း (၅၀၀) လောက်ထံမှ သတင်းအချက်အလက်များကို ခိုးယူသွားကြောင်း Yahoo ကုမ္ပဏီက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
"နိုင်ငံအစိုးရတခုက ထောက်ပံ့မှုနဲ့ စီစဉ်လုပ်ကိုင်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်တဲ့ ဒီတိုက်ခိုက်မှုဟာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းက ကျနော်တို့ရဲ့ ကွန်ရက်ထဲကနေ အီးမေးလ် အသုံးပြုသူတွေရဲ့ အကောင့် အချက်အလက်တွေကို ခိုးယူခဲ့တာဖြစ်ကြောင်း မကြာသေးခင်က စုံစမ်းစစ်ဆေးမှုအပေါ် အခြေခံပြီး အတည်ပြုနိုင်ခဲ့ပါတယ်။"လို့ Yahoo က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ခိုးယူခံလိုက်ရတဲ့ အချက်အလက်တွေထဲမှာ နာမည်၊ အီးမေးလ်လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များ၊ မွေးနေ့တွေနဲ့ Passwords တွေ ပါသွားတယ်လို့ Yahoo က ဆိုပါတယ်။
ဒါပေမယ့် ဘဏ် အကြွေးဝယ်ကဒ် အချက်အလက်တွေတော့ ပါမသွားဘူးလို့ Yahoo က ပြောပါတယ်။
"ဒီတိုက်ခိုက်မှုအပေါ် ဥပဒေစိုးမိုးရေးနှင့်အတူ အနီးကပ် အလုပ်လုပ်နေပါတယ်"လို့ ကြေညာချက်က ဆိုပါတယ်။
"Peace" လို့ခေါ်တဲ့ ဟက်ကာတစ်ယောက်က Yahoo အကောင့်ပေါင်း သန်(၂၀၀) ထဲမှ usernames နဲ့ passwords တွေ ရောင်းဖို့ ကမ်းလှမ်းခဲ့ပြီးနောက်မှာ Yahoo က ပြီးခဲ့တဲ့လမှာ စုံးစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပါတယ်။
အီးမေးလ် အကောင့်ပိုင်ရှင်တွေကို Password တွေ ပြောင်းထားဖို့လည်း Yahoo က အကြံပေးထားပါတယ်။
Ref; EFE_EPA