ဆိုးလ်၊ စက်တင်ဘာ ၁၂ ။ ။ နောက်ထပ် နျူကလီးယား စမ်းသပ်မှုအတွက် မြောက်ကိုရီးယား နိုင်ငံအနေဖြင့် အလုံးစုံ ပြင်ဆင်ပြီးထားပြီဖြစ်ကြောင်း တောင်ကိုရီးယား ယွန်ဟတ်သတင်းက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် တောင်ထူထပ်ရာ စမ်းသပ်နယ်မြေရှိ ယခင်က အသုံးမပြုခဲ့ထားခဲ့သည့် တူးမြောင်းတစ်ခုတွင် နောက်ထပ်နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်လိမ့်မည်ဟု တောင်ကိုရီးယား အစိုးရသတင်းရင်းမြစ်ကို ကိုးကားလျက် ယွန်ဟတ်သတင်းက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် စက်တင်ဘာ ၉ ရက်က လက်ရှိအထိ အားအပြင်းဆုံး နျူကလီးယားဖောက်ခွဲမှုကို စမ်းသပ်ခဲ့ပြီး ဖျက်အားပြင်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တင်ဆောင်ပစ်လွှတ်နိုင်ကာ ပြိုင်ဖက်များနှင့် အမေရိကန်တို့အတွက် ထိန်းချုပ်ဟန့်တားနိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ပြောဆိုခြိမ်းခြောက်ခဲ့သည်။
“အချက်အလက်တွေ စုစည်းရရှိတာတော့ မြောက်ကိုရီးယားနိုင်ငံဟာ အရင်အသုံးပြုဖူးမရှိတဲ့ တူးမြောင်းတစ်ခုမှာ ဘယ်အချိန်မဆို နျူကလီးယား စမ်းသပ်မှုတစ်ခုကို လုပ်နိုင်အောင် အစစပြင်ဆင် အသင့်ရှိ နေတယ်။”ဟု အစိုးရ သတင်းရင်းမြစ်များကို ကိုးကားကာ ယွန်ဟတ်သတင်းက ဖော်ပြသည်။
နောက်ဆုံးနျူကလီးယား စမ်းသပ်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက ရယ်စရာပင် ကောင်းကြောင်း ပြောဆိုကာ နိုင်ငံ၏ နျူကလီးယားအင်အားကို ခိုင်မာအောင် ဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်က ပြောလိုက်သည်။
နောက်ဆုံးနျူကလီးယားစမ်းသပ်မှုအရ မြောက်ကိုရီးယား၏ နျူကလီးယားစွမ်းရည်သည် အမြန်ကြီးထွားလာနေပြီး ခေါင်းဆောင်ကင်ဂျုံးအွန် အနေဖြင့်လည်း ရှေ့ဆက်တိုးနေဖို့သာ ရှိကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောသည်။
စက်တင်ဘာ ၉ ရက်က မြောက်ကိုရီးယားနိုင်ငံ စမ်းသပ်သည့် နျူကလီးယားပေါက်ကွဲမှု ပြင်းအားသည် ၁၀ ကီလိုတန်ရှိသည်ဟု တောင်ကိုရီးယားက ပြောသော်လည်း အမေရိကန် ပညာရှင်များက မြေငလျင်လှိုင်းများအရ ကီလိုတန် ၂၀ နှင့် ၃၀ ကြား ရှိသည်ဟု ခန့်မှန်းထားသည်။