ရန်ကုန်၊ စက်တင်ဘာ ၆ ။ ။ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ပါတီမှ ထုတ်ပယ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီချက် ရယူထားခြင်းဖြစ်ပြီး အဆိုပါကိစ္စအား ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် မညီညွတ်ကြောင်း ဝေဖန်ပြော ဆိုမှုများသည် လိုရာဆွဲပြောနေခြင်းသာ ဖြစ်ကြောင်း NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ပြောသည်။
"ဒေါ်အောင်ဆန်းစုကြည်က ပါတီရဲ့ ကိစ္စကို နိစ္စဓူ၀ ကွပ်ကဲတာလည်း မဟုတ်ဘူး။ ပါဝင်တာလည်း မဟုတ်ဘူး။ အရေးကြီးရင် ကြီးသလို ကောင်းတယ် မကောင်းဘူး ဒီလောက်ပဲ သူက သာမန် မှတ်ချက်ချတာ။ အဲ့တော့ ပါတီကိစ္စတွေကို လုပ်တာ မဟုတ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ငြိတယ်ဆိုတာတော့ ဒါ လိုရာဆွဲပြောကြတယ်လို့ ယူဆပါတယ်" ဟု ဦးဝင်းထိန်က ပြောသည်။
စက်တင်ဘာလ ၄ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနှင့် အလုပ်အမှုဆောင် ၅ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး တောင်ကြီးခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးကို ပါတီမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုချက်ဖြင့် ထုတ်ပယ်ခြင်းဖြစ် ကြောင်း ပြောကြားထားပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ)တွင် “ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည် ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ” ဆိုပြီး ပြဋ္ဌာန်းထားသည်။
NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပြင် နိုင်ငံခြားရေးနဲ့ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန် ယူထားသောကြောင့် အဆိုပါ ပြဋ္ဌာန်းချက်နှင့် ညီ မညီ ဝေဖန်မှုများ ထွက်ပေါ် နေခြင်း ဖြစ်သည်။
ပါတီမှ ထုတ်ပယ်ခံရသည့် NLD ပါတီတောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးသည် သူ၏ facebook လူမှုကွန်ယက်စာ မျက်နှာ တွင် ပါတီ စီအီးစီ နေရာကို ငွေရှိရင် ဝယ်လို့ ရကြောင်း အစရှိသဖြင့် ရေးထားသည့် အတွက် ပါတီစည်းကမ်း ကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က မဇ္ဈိမနှင့် အင်တာဗျူးတွင် ပြော ထားသည်။