နယူးယောက်၊ သြဂုတ် ၂ ။ ။ အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောကြားနေစဉ် ကက်ပီတယ်အဆောက်အအုံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ကျုးလွန်ရန် စီစဉ်ခဲ့သည်ဟု ဖမ်းဆီးစစ်ဆေးနေသူ အိုဟိုင်းယိုပြည်နယ်နေ အသက် ၂၂ နှစ်ရှိ ဆွန်နီမွတ်စလင်တစ်ဦးက အပြစ်ကို ဝန်ခံသည်။
ဂရင်းမြို့မှ ခရစ္စတိုဖာကော်နေးဆိုသူအား စင်စင်နာတီရှိ တရားရုံးတွင် သြဂုတ် ၁ ရက်က စစ်ဆေးရာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က ဝါရှင်တန်သို့ သွားရန် စီစဉ်ခဲ့ကြောင်း၊ သေနတ်များ ဗုံးများ သယ်ဆောင်ကာ အိုဘားမား မိန့်ခွန်းပြောစဉ်တွင် တိုက်ခိုက်လုပ်ကြံရန် စီစဉ်ခဲ့ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်က ဒါကို ကြံစည်ခဲ့ပါတယ်။”ဟု ခရစ္စတိုဖာက ပြောသည်။
တရားရုံးမှတ်တမ်းများအရ ခရစ္စတိုဖာက အိုင်အက်စ်အဖွဲ့အား သစ္စာခံကြောင်း၊ ဂျီဟတ်စစ်အတွက် အကြံအစည်ရှိကြောင်း သိရသည်။
တိုက်ခိုက်ရေးအကြံအစည်အတွက် ခရစ္စတိုဖာက ရိုင်ဖယ်သေနတ်နှင် ခဲယမ်းမီးကျောက်များ ဝယ်ယူခဲ့ပြီးနောက် အဖမ်းခံရခြင်းဖြစ်သည်။ လက်ရှိတွင် ခရစ္စတိုဖာက ထောင်ဒဏ် နှစ်သုံးဆယ်နှင့် ရင်ဆိုင်နေရသည်။
တရားခံရှေ့နေ မာတင်က ယုံကြည်ရသည့် သတင်းပေးတစ်ဦးကြောင့် ခရစ္စတိုဖာ အဖမ်းခံရခြင်းဖြစ်ကြောင်း ပြောသည်။
ခရစ္စတိုဖာ၏ ဖခင်ဖြစ်သူအား မေးမြန်းရာတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် ထင်မြင်ချက်မျှ မပေးဘဲ “ကျွန်တော်တို့ ခရစ္စတိုဖာကို အလွန်ချစ်တယ်။ သူ့ကို အလုံးစုံထောက်ခံသွားမယ်။”ဟူသော စကားကိုသာ ပြောဆိုခဲ့သည်။