နယူးယော့ခ်၊ ဇူလိုင် ၂၇ ။ ။ R&Bအဆိုတော် ဘီယွန်စေး၏ “ Lemonade” တေးအယ်လ်ဘမ်သည် ဇူလိုင် ၂၆ရက်က MTV တေးဂီတဗီဒီယိုဆု ဆန်ခါတင်စာရင်းတွင် ဆု၁၁ဆုရရှိထားပြီး ဆန်ခါတင်စာရင်းတွင် အဒဲလ် နှင့် ရက်ပါ ကာနေးဝပ်တို့သည် ဆုပေါင်းများစွာဖြင့် ပါဝင်နေသော်လည်း တေလာဆွစ်ဖ်သည် ပါဝင်ခဲ့ခြင်းမရှိပေ။
အဒဲလ်၏ “Hello”တေးသီချင်းသည် ဆန်ခါတင်စာရင်းတွင် တစ်နှစ်တာအကောင်းဆုံး ဗီဒီယိုဆု အပါအဝင် ဆု၇ဆုအတွက် ရွေးချယ်ခံထားရသည်။ အငြင်းပွားမှုများရှိနေသော ကာနေးဝပ်စ်၏ “ Famous” တေးသီချင်းသည် ဆန်ခါတင်စာရင်းတွင် ယခုနှစ်၏ ထိပ်တန်းဗီဒီယိုဆု အပါအဝင် ဆုနှစ်ဆုအတွက် ရွေးချယ်ခံထားရသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် လွန်ခဲ့သည့်ငါးနှစ်က တေးဂီတဆုပေးပွဲတွင် ဦးဆောင်လွမ်းမိုးမှုများရှိခဲ့ပြီး ၂၀၁၅ ခုနှစ်က “ Bad Blood” တေးသီချင်းအတွက် ဆုအပါအဝင် MTV တေးဂီတဗီဒီယိုဆု လေးဆုကို ဆွတ်ခူးခဲ့သည်။
သို့သော် တေလာသည် ၂၀၁၅ ခုနှစ် နှောင်းပိုင်း နှင့် ၂၀၁၆ ခုနှစ်အစောပိုင်းက “ Out of the Woods” နှင့် “ New Romantics” တေးဂီတဗီဒီယိုများ ထွက်ရှိခဲ့သော်လည်း ယခုနှစ် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ တေလာသည် ၂၀၁၅ ခုနှစ်က ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို လုပ်ဆောင်ခဲ့သည်။
တေးဂီတဆုပေးပွဲ၏ အထင်ကရဖြစ်သော တစ်နှစ်တာ အကောင်းဆုံးဗီဒီယိုဆုကို ဘီယွန်းစေး၏ “ Formation” တေးဂီတဗီဒီယိုက အဒဲလ်၏ “ Hello” တေးဂီတဗီဒီယို ၊ ကနေဒါရက်ပါ ဒရေ့ခ်၏ “ Hotline Bling” တေးဂီတဗီဒီယို ၊ ဂျက်စတင်ဘီဘာ၏ “ Sorry” တေးဂီတဗီဒိယို နှင့် ကာနေးဝပ်စ်၏ “ Famous” တေးဂီတဗီဒီယိုတို့ကို ကျော်လွန်ကာ ရရှိခဲ့သည်။
MTV တေးဂီတ ဗီဒီယိုဆုပေးပွဲကို နယူယော့ခ်မြို့တွင် သြဂုတ် ၂၈ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MTV ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် MTV တေးဂီတဗီဒီယိုဆုပေးပွဲအတွက် အစီစဉ်မှူးကို ယခုအချိန်ထိ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
တေးအယ်လ်ဘမ်သစ်ထွက်ရှိပြီးနောက် ဇန်နဝါရီလက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သော ဗြိတိန်အဆိုတော် ဒေးဗစ်ဘိုဝီသည် “ Balckstar” နှင့် “ Lazarus” တေးသီချင်းတို့ဖြင့် အကောင်းဆုံးဒါရိုက်တာ ၊ အနုပညာ၊တည်းဖြတ် နှင့် ရုပ်ရှင်ရိုက်ကူးရေးဆုများအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။