ဇူလိုင် ၂၂၊ မက်ဒရစ်။ ။ ဆီဗီလာအသင်းနှင့်ရင်ဆိုင်ရမည့် ဥရောပစူပါဖလားပွဲတွင် စီရော်နယ်ဒိုပါဝင်ကစားနိုင်ရန် ရီးယဲလ်မက်ဒရစ်နောက်ခံအစွန်လူ မာဆယ်လိုကမျှော်လင့်နေသည်။
စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအနိုင်ရခဲ့သည့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သောကြောင့် အနားယူနေရသည်။
ချန်ပီယံလိဂ်ချန်ပီယံရီးယဲလ်မက်ဒရစ်အသင်းသည် ယူရိုပါလိဂ်ချန်ပီယံလည်းဖြစ် လာလီဂါပြိုင်ဘက်လည်းဖြစ်သော ဆီဗီလာ အသင်းနှင့် သြဂုတ် ၉ တွင် ထရွန်ဟိန်း၌ ကစားရမည်ဖြစ်သည်။
ယမန်နှစ်ကအောင်မြင်ခဲ့ပြီးနောက် ယခုနှစ်တွင်လည်းအောင်မြင်မှုဆက်လက်ရှာဖွေမည့် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုသုံးကြိမ်ရ စီရော်နယ်ဒိုကစားပေးနိုင်ရန် မာဆယ်လိုက မျှော်လင့်နေသည်။
“စီရော်နယ်ဒိုနဲ့ စကားပြောဖြစ်ခဲ့ပြီး ဥရောပချန်ပီယံဆုအတွက်လည်း ဂုဏ်ပြုခဲ့ပါတယ်။ ပီပီကိုရောပေါ့။ စီရော်နယ်ဒိုရဲ့ ဒဏ်ရာ အကြောင်း ကျွန်တော်သိပ်မသိပါဘူး။ ဒါပေမဲ့လည်း စူပါဖလားအတွက် အဆင်သင့်ဖြစ်နေဖို့တော့ မျှော်လင့်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ချန်ပီယံလိဂ်ဖလားရခဲ့တယ်။ ဒါပေမဲ့ လက်ရှိမှာဆုဖလားတွေထပ်ရဖို့ ကျွန်တော်တို့ ပိုကြိုးစား ရမယ်”ဟု မာဆယ်လိုကပြောသည်။
Ref; goal.com