ဇူလိုင် ၂၀၊ အင်္ဂလန် ။ ။ ချယ်လ်ဆီးနည်းပြသစ်ကွန်တီက စပိန်တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ၎င်း၏အနာဂတ်အစီအစဉ်တွင် အရေးပါသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ချယ်လ်ဆီးအသင်း၏ တာဝန်ရှိသူများက ရာသီသစ်အတွက် တိုက်စစ်မှူးသစ်တစ်ဦးရှာဖွေနေသည်ဟု ပြောဆိုခဲ့ပြီးနောက်တွင် ကော်စတာမှာ အသင်းဟောင်း အက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
သို့သော်အဆိုပါသတင်းများကို ကွန်တီက ယခုကဲ့သို့ ပြောဆိုပြီး ချေဖျက်လိုက်ခြင်း ဖြစ်သည်။ ‘ကျွန်တော်တို့နဲ့အတူ အသင်းမှာ ကော်စတာဆက်ရှိနေမှာပါ။ သူက အရမ်းအလုပ်ကြိုးစားတဲ့သူပါ။ သူ့ရဲ့အသင်းဖော်တွေ ပြီးတော့ ကျွန်တော်နဲ့အတူ အလုပ်လုပ်ရတာတွေကို သူပျော်ရွှင်နေပါတယ်။
သူက ထူးခြားကောင်းမွန်တဲ့ ကစားသမားပါ။ အသင်းရဲ့ အရေးပါတဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှ မရှိပါဘူး’ ဟု ကွန်တီက ပြောဆိုခဲ့သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ဒီယေဂိုကော်စတာသည် ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး ၇၇ ပွဲကစားကာ ၃၆ ဂိုးသွင်းယူပေးထားသည်။
ရည်ညွှန်း ဘီဘီစီ