ဇူလိုင် ၁၅၊ အင်္ဂလန် ။ ။ ရာသီသစ် မစတင်မီ အသင်းနှင့် လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဟု လက်စတာအသင်းနည်းပြ ရာနီရေရီက ပြောဆိုလိုက်သည်။
ရာနီရေရီသည် လက်စတာအသင်းကို ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။ သမိုင်းဝင်အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့်အတွက် အသင်းပိုင်ရှင်များက ၎င်းကို ကာလရှည်စာချုပ် ချုပ်ဆိုရန် အလိုရှိနေကြသည်။
ထို့ကြောင့် ရာနီရေရီက စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည်ဟု ဆိုသည်။ ‘အသင်းပိုင်ရှင်တွေက ကျွန်တော့်ကို စာချုပ်သစ်မှာ လက်မှတ်ထိုးစေချင်နေပါတယ်။ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ ဒီအသင်းမှာနေရတာ ပျော်ပါတယ်။
ရာသီသစ်မစတင်ခင် လက်မှတ်ထိုးနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ဒါက အရေးမကြီးလှပါဘူး။ ပြီးခဲ့တဲ့ရာသီကမှ သုံးနှစ်စာချုပ် ချုပ်ဆိုထားတာပါ။ ကျွန်တော့် အေးဂျင့်က ကျွန်တော့်ဆီလာပြီး စာချုပ်မှာ လက်မှတ်ထိုးဆိုတာနဲ့ ထိုးလိုက်ရုံပါပဲ။ ဘာမှ ကြည့်နေစရာမလိုပါဘူး’ ဟု ရာနီရေရီက ပြောသည်။
ချယ်လ်ဆီးနှင့် သတင်းများထွက်ပေါ်နေသည့် ကွင်းလယ်ကစားသမား ကန်တီကို အနာဂတ်အတွက် အလျင်အမြန်ဆုံးဖြတ်ရန်လည်း ရာနီရေရီက တိုက်တွန်းလိုက်သည်။
ရည်ညွှန်း သည်ဆန်း