ဇူလိုင် ၁၁ ။ ။ လူမှုဘဝတွင် လက်ထပ်ခြင်းက မည်မျှ အရေးပါသနည်းဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၌ စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ယခုထက်ထိ တစ်ကိုယ်တည်း အပျိုကြီးဖြစ်နေသူ အမျိုးသမီးထက်ဝက်ကျော်က ၎င်းတို့ဘဝတွင် အိမ်ထောင်ပြုရန် မလိုအပ်ပါဟု ဖြေဆိုသွားခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်တမ်းအရ နိုင်ငံရှိ လက်ရှိမျိုးဆက်၏ စိတ်ထားခံယူချက်ပိုင်း တွင် များစွာပြောင်းလဲသွားခဲ့သည်ကိုလည်း ပြသနေသည်။
နိုင်ငံတွင် အသက် ၂၀ နှင့် ၄၄ နှစ်ကြား အသက်အပိုင်းအခြားရှိ အိမ်ထောင်မပြုသေးသည့် အမျိုးသမီး ၁,၂၈၇ နှင့် အမျိုးသား ၁,၀၉၆ ဦးတို့ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ဖြေဆိုသူ အမျိုးသမီးများထဲမှ ၅၅ ဒသမ ၄ ရာခိုင်နှုန်းလောက်က သူမတို့ဘဝတွင် အိမ်ထောင်ပြုရန် များစွာမလိုအပ်ဘဲ ယခုကဲ့သို့ တစ်ကိုယ်တည်းအပျိုကြီးဘဝဖြင့် အရိုးထုတ်သွားခြင်းက သာ၍ ကောင်းကြောင်း ဖြေဆိုသွားခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ယင်းစစ်တမ်းတွင်ဖြေဆိုသွားသည့် အိမ်ထောင်မကျသေးသော အမျိုးသားများထဲမှ ၆၀ ရာခိုင်နှုန်းကျော်ကမူ တစ်ချိန်ချိန်တွင် လက်ထပ်သွားမည်ဖြစ်ကြောင်း ဖြေဆိုသွားခဲ့ကြသည်။
အဆိုပါ စစ်တမ်းတွင် ဖြေဆိုသူ အမျိုးသမီး ၂၅ ဒသမ ၉ ရာခိုင်နှုန်းက သူမတို့ဘဝတွင် ကလေးမရှိလဲပဲ အဆင်ပြေကြောင်း ဖြေဆိုခဲ့ချိန်တွင် အမျိုးသား ၃၉ ဒသမ ၉ ရာခိုင်နှုန်းကမူ ဘဝတွင် မျိုးဆက်မပွားနိုင်လျင် အဓိပ္မါယ်ရှိလိမ့်မည်မဟုတ်ဟု ဖြေဆိုသွားကြသည်။
ယင်းစစ်တမ်းကို တောင်ကိုရီးယား ကျန်းမာရေးနှင့် လူမှုဘ၀ ဆိုင်ရာ ဌာနက ဦးစီးကာ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။