ယခုနှစ် ပထမငါးလအတွင်း ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ လာရောက်မှုအရေအတွက်က ပြီးခဲ့သည့်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ထောင်နှင့်ချီကာ ဧည့်သည်ဝင်ရောက်မှု ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမြင့်ထွေးက ဇူလိုင် ၅ ရက်က ပြောသည်။
ယခုနှစ်၏ မေလအထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ရောက်ရှိမှုသည် ၁ ဒဿမ ၈ သန်းကျော် ရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသည်အရေအတွက်အား ၅ သန်းအထိ ရရှိရန် ရည်မှန်းထားသည်။
၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၄ ဒဿမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး ရည်မှန်းအရေအတွက်ထက် နည်းပါးခဲ့သည်။
၂၀၂၀ တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၇ သန်းအထိ ရောက်ရှိနိုင်သည်ဟုလည်း မျှော်မှန်းထားသည်။
မြန်မာနိုင်ငံ၏ မဟာဗျူဟာဦးစားပေးလုပ်ဆောင်ချက်တစ်ရပ်အဖြစ် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ကြိုးစားလုပ်ဆောင်လျက်ရှိနေသည်။
တစ်ပြိုင်တည်းတွင် ၂၀၁၃-၂၀၂၀ ခရီးသွားလုပ်ငန်းအထူးအစီအစဉ်ကို ရေးဆွဲချမှတ်ကာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်လျက်ရှိနေသည်။