နေပြည်တော်၊ မေ ၂၃ ။ ။ အစိုးရရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေတွင် အနှိပ်ခန်းများဖွင့်ပါက ဖမ်းဆီးအရေးယူမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
"အခု အနှိပ်ခန်းတွေမရှိတော့ပါဘူး။ ဖွင့်ရင်ဖမ်းမှာလေ။ အနှိပ်ခန်းတွေမရှိတော့တာကြာပြီ" ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုကဲ့သို့အနှိပ်ခန်းများဖွင့်လှစ်ပါက ဖမ်းဆီးခြင်းသည် အစိုးရ၏ ရက် ၁၀၀ စီမံချက်နှင့်သက်ဆိုင်သလို မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပျဉ်းမနားမြို့မရဲစခန်း မှ စခန်းမှူးဖြစ်သူ ဦးတင်ဌေးကပြောသည်။
"ပိတ်ခိုင်းထားတာ တစ်လလောက်ရှိပြီ အစိုးရရဲ့ရက်တစ်ရာစီမံချက်နဲ့လည်း ဆိုင်သလို မှုခင်းကျဆင်းရေး ဆောင်ရွက်နေတဲ့ စီမံချက်နဲ့ပက်သက်ပြီးတော့လည်း သတင်းရရင် ရသလို ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက်နေပါတယ်" ဟု ပျဉ်းမနားမြို့မရဲစခန်းမှ စခန်းမှူး ဦးတင်ဌေးကပြောသည်။
နေပြည်တော်တွင် အနှိပ်ခန်းအများစုရှိရာ ပုဗ္ဗသီရီမြို့နယ်နှင့် ပျဉ်းမနားမြို့ကြားရှိ ရာဇဌာနီလမ်းမကြီး ၊ လွှတ်တော်အမတ်များ တည်းခိုနေထိုင်သည့် စည်ပင်ရိပ်သာအနီးရှိ ရွှေကြာပင်ရပ်ကွက်တို့တွင် ယခင်က အနှိပ်ခန်းအမည်ခံ ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်သည့် ဆိုင်အရေအတွက် လေးဆယ်ကျော်ခန့်ရှိကြောင်း သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများထံမှသိရသည်။
ယခုအခါအဆိုပါရပ်ကွက်များရှိ ဆိုင်အများစုမှာ ပိတ်သိမ်းသွားပြီဖြစ်ပြီး ခိုးဖွင့်ထားသည့် ဆိုင်တစ်ဆိုင် နှစ်ဆိုင်ခန့် ကျန်ရှိနေသေးကြောင်း ယင်းရပ်ကွက်များတွင် ဆိုင်ကယ် ကယ်ရီဆွဲသူများကပြောသည်။
ယခင် အစိုးရလက်ထက်တွင် နိုင်ငံတော်အဆင့် အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်များရှိပါက နေပြည်တော် ရပ်ကွက်အချို့ရှိ အနှိပ်ခန်း နှင့် KTV များကို ခေတ္တပိတ်ထားလေ့ရှိသည်။