ရန်ကုန် ၊ မေ၄ ။ ။ ရှမ်းပြည်နယ် အတွင်း၂ဝ၁၂ ခုနှစ်မှ စ၍ ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည့် ဒုက္ခသည် ဦးရေ ၁ဝ,ဝဝဝ ကျော်မှာ လတ်တလောတွင် စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့လျက် ရှိကြောင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
စစ်ဘေးရှောင်များမှာ ရှမ်း/မြောက် မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ လောက်ကိုင်၊ ရှမ်း/တောင် မိုင်းရှူးတို့တွင်ခိုလှုံလျက်ရှိပြီး လာမည့် မိုးကာလအတွက် စားနပ်ရိက္ခာများ၊ သွပ်မိုး၊သောက်ရေ၊ နေရာထိုင်ခင်း နှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးထောက်ပံ့မှု များလိုအပ်နေကြောင်း စခန်းတာဝန်ခံ၏ ပြောပြချက်ရ သိရသည်။
ယင်းစစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာဖွေပွဲတစ်ရပ်ကို တအာင်း အနုပညာရှင် နှင့်စာပေ၊ယဉ်ကျေးမှုအဖွဲမှ မေ ၁၂ရက်နေတွင်ရန်ကုန်တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
“လိုအပ်နေသော အစားအသောက်နှင့်နေရာထိုင်ခင်းများ၊ မိုးတွင်းကာလရောက်ရှိလာမည် ဖြစ်သဖြင့် အမိုးအကာများ၊ လိုအပ်နေသော အထွေထွေကို ကိုယ်တိုင်သွားရောက် လှူတန်းမည်”ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ မိုင်းနိုင်နိုင်ဦးက ပြောပြသွားပါသည်။
ထိုရန်ပုံငွေရှာဖွေပွဲကို တအာင်း အနုပညာရှင်နှင့်စာပေ၊ ယဉ်ကျေးမှုအဖွဲမှ ရန်ကုန်မြို့ရှိ MCCခန်းမတွင် မေ ၁၂ ရက်ညနေ၆-၁၀နာရီအတွင်း ဝင်ကြေးလက်မှတ် တစ်ဆောင်၅၀၀၀နှုန်းဖြင့် ကျင်းပ ပြုလုပ် သွား မည်ဖြစ်ကြောင်း၊ မည်သူမဆို ပါဝင်ကူညီတက်ရောက်လှူတန်းနိုင်ကြောင်း ၎င်းကဆိုသည်။
အဆိုပါပွဲတွင် နိုင်ငံကျော် အဆိုတော်များနှင့်အတူ တအာင်းတိုင်းရင်းသား အဆိုရှင်များ၊ တအာင်းအနုပညာ အသိုင်းအဝိုင်းများ၊ တအာင်းရိုးရာ အကများနှင့် အခြားတိုင်းရင်းသား အဆိုအကများလည်း ပါဝင်မည် ဖြစ်ကြောင့်သိရပါသည်။
ယင်းအပြင် ရခိုင်စစ်ဘေးသင့် ၁၀၀၀ကျော် အတွက်လည်း ကောက်ခံရရှိသော အလှူငွေများလည်း လှူတန်းသွားမည်ဖြစ်ကြောင်း လည်းသိရပါသည်။