မီနီဆိုတား၊ ဧပြီ ၂၃ ။ ။ အမေရိကန်နိုင်ငံတွင် အလုပ်သမားများအား ဆုကြေးငွေဘောနပ်အဖြစ် မက်သာဖီတမင်းဆေးပြားများ ပေးသည် ကားဝပ်ရှော့ပိုင်ရှင်ကို မူးယစ်ဌာနက မျက်စိဒေါက်ထောက်ကာ ဖမ်းဆီးနိုင်ရေး စောင့်ကြည့်နေရလျက်ရှိသည်။
မီနီဆိုတားပြည်နယ်ရှိ Clear Choice Auto Body Repair ပိုင်ရှင်ဖြစ်သူ အသက် ၄၀နှစ်ရှိ ဂျေစီမိုက်ကယ်သည် ရည်းစားဖြစ်သူနှင့်အတူ အလုပ်သမားများအား မက်သာဖီတမင်းဆေးပြားများ ပေးကြောင်း အလုပ်သမားတစ်ဦးက သတင်းပေးထားခြင်းဖြစ်သည်။
ထိုသတင်းပေးချက်အရ မူးယစ်ဌာနက စုံစမ်းထောက်လှမ်းနေခဲ့ခြင်းဖြစ်ကာ ဂျေစီမိုက်ကယ်၏ ရည်းစားဖြစ်သူ လော့လိန်းက ဆိုင်က အလုပ်သမားခြောက်ဦးအား ဆေးပြားများ ပေးခဲ့ကြောင်းကို အမှုတွဲအစီရင်ခံထားခြင်းဖြစ်သည်။
ဂျေစီမိုက်ကယ်၏ ဆိုင်ကို စုံထောက်များက ခြောက်လကြာ စုံစမ်းနေခဲ့ခြင်းဖြစ်ကြောင်း၊ လော့လိန်းကို ဖမ်းဆီးဖို့ရန် သက်သေအထောက်အထား မရှိဖြစ်နေကြောင်း ဌာနက ပြောသည်။
ဂျေစီမိုက်ကယ်သည် ဆေးခြောက်လက်ဝယ်တွေ့မှုနှင့် မူးယစ်ကားမောင်းနှင်မှုတို့ဖြင့် ဖမ်းဆီးခံရသည့် ယခင်ပြစ်မှုဟောင်းရှိထားသူတစ်ဦးလည်းဖြစ်သည်။