ဧပြီ ၅၊ လန်ဒန် ။ ။ အိုင်ဝိုဘီသည် အာဆင်နယ်အသင်းတွင် ၂၀၂၁ ထိသက်တမ်းရှိနေမည့် ကာလရှည်စာချုပ်သစ်ချုပ်ရန် သဘောတူလိုက်ပြီဖြစ်သည်။ အာဆင်နယ်အသင်းသည် စိတ်လှုပ်ရှားစရာကောင်းသောဆယ်ကျော်သက်ကစားသမားကို တစ်ပတ်ပေါင် သုံးသောင်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။
အိုဝိုဘီသည် ယခင်စာချုပ်ကို ပြီးခဲ့သည့် အောက်တိုဘာကမှချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ပေါင်တစ်သောင်းဟု ယူဆရသည်။ ယင်းစာချုပ်မှာ ၂၀၁၉ ထိ သက်တမ်းရှိသည်။
သို့သော် အာဆင်နယ်အကယ်ဒမီမှထွက်ပေါ်လာသည့် အသက် ၁၉ နှစ်အရွယ်ကစားသမားမှာ အသင်းကြီးအတွက်ရွေးချယ်ခံရကတည်းက ခြေစွမ်းပြနိုင်သဖြင့် စာချုပ်သစ်ပြင်ဆင်ချုပ်ဆိုခံရခြင်းဖြစ်သည်။
နိုင်ဂျီးရီးယားလူငယ်ကစားသမား အိုင်ဝိုဘီသည် ယခုနှစ်အစပိုင်းကတည်းက အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရသူဖြစ်လာခဲ့သည်။
နောက်ဆုံးငါးပွဲတွင် လေးပွဲကစားခွင့်ရထားသည့် အိုင်ဝိုဘီသည် အဲဗာတန်နှင့်ပွဲတွင် အာဆင်နယ်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းနိုင်ခဲ့ သကဲ့သို့ ဝက်ဖို့ဒ်နှင့်ပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့သည်။
Ref; Mirror