မတ် ၁၃၊ ရန်ကုန်။ ။ ၁၉၉၆ခုနှစ်က စတင်ကျင်းပခဲ့သော အာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကို ၂၀၁၈ခုနှစ်မှစတင်ပြီး ပြိုင်ပွဲပုံစံပြောင်းလဲ ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ်က စီစဉ်နေသည်။
ယင်းပြိုင်ပွဲစတင်ကျင်းပခဲ့ ၁၉၉၆ခုနှစ်မှ ၁၉၉၅ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ အဓိကစပွန်ဆာအဖြစ် တိုက်ဂါးမှ တာဝန်ယူခဲ့သဖြင့် တိုက်ဂါးဖလားပြိုင်ပွဲဟုခေါ်ခဲ့ကာ ၂၀၁၀ မှ လက်ရှိအချိန်အထိ အဓိကစပွန်ဆာအမည် ဆူဇူကီးဖလားပြိုင်ပွဲဟုခေါ်ဝေါ်နေသည်။ ပြိုင်ပွဲစတင်ကျင်းပသည့် ၁၉၉၅ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ ပြိုင်ပွဲပုံစံမှာ ၁၀သင်းဝင်ရောက်ယှဉ်ပြိုင် ပြီး အုပ်စုနှစ်စုခွဲကာ အုပ်စုပထမနှင့်ဒုတိယ ဆီမီးဖိုင်နယ်တက်ရောက်စေသည်။ ထို့နောက် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ၊ တတိယနေရာလုပွဲစသည်ဖြင့်ကစားခဲ့သည်။
၂၀၀၇ခုနှစ်မှစတင်ကာ ပြိုင်ပွဲပုံစံထပ်မံပြောင်းလဲခဲ့ပြီး အာဆီယံဒေသတွင်း ၁၁ နိုင်ငံတွင် အိမ်ရှင်နိုင်ငံအပါအဝင် ထိပ်သီးေခြောက်သင်းသာတိုက်ရိုက်ပြိုင်ပွဲဝင်ခွင့်ရပြီး ကျန်ခြောက်သင်းမှာ ခြေစစ်ပွဲပုံစံကစားကာ နှစ်သင်းခြေစစ်ပွဲအောင်စေခဲ့သည်။ ထို့နောက်ယင်းရှစ်သင်းကိုအုပ်စုနှစ်စုခွဲကာ အုပ်စုပထမနှင့်ဒုတိယနှစ်သင်းဆီမီးတက်ပြီး ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲ၊ တတိယလုပွဲများကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ပုံစံကစားစေခဲ့သည်။
၂၀၁၈ပြိုင်ပွဲအတွက် ပြောင်းလဲရန်ဆွေးနွေးနေသောပုံစံမှာ အသင်း ၁၀သင်းကို အုပ်စုနှစ်စုခွဲပြီး ပွဲစဉ်တိုင်းကို အိမ်ကွင်း၊အဝေးကွင်းပုံစံကျင်းပရန်ဆွေးနွေးနေခြင်းဖြစ်သည်။ ပြိုင်ပွဲပုံစံကို အာဆီယံဒေသတွင်းဘောလုံးအဖွဲ့ချုပ်များအားလုံး မဲပေးရွေးချယ်ကာဆုံးဖြတ်မည်ဖြစ်သည်။