ညောင်လေးပင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ လာမည့် အစိုးရသစ်လက်ထက်တွင် ဗာတီကန်နိုင်ငံတော်ရှိ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံ၌ ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းမည်ဟု ကက်သိုလစ် ခရစ္စယာန် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်(စ်)ဘိုက မဇ္ဈိမသို့မိန့်ကြားသည်။
''အရင်အစိုးရကိုပြောထားတာ စောင့်ပါအုံးဘဲပြောတယ်။ အခုအစိုးရသစ်လက်ထက်မှာ ဒါကို ပထမဦးဆုံး နံပါတ်တစ် လုပ်ဖို့အစီအစဉ်ရှိတယ်။ ဟိုဘက်အဆင်သင့် ဒီဘက်မှာလဲအဆင်သင့် ဖြစ်နေပြီ။ မတ်၊ ဧပြီ အစိုးရဖွဲ့ပြီးရင် ဖြစ်ဖို့အလားအလာရှိပါတယ်။ ဖွင့်ဖြစ်ရင် ဘန်ကောက်မှာ တစ်ပါး ရှိသလို ဒီမှာလဲ ပုပ်ရဟန်းမင်းကြီးရဲ့ကိုယ်စားတစ်ပါး ရှိလာမယ်။''ဟု ဆရာတော်က မိန့်သည်။
Catholic Bishops' Conference of Myanmar (CBCM) လူထုဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်မောင်က အစိုးရခွင့်မပြု၍ ယနေ့ုထိ ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်မထားနိုင်သေးဘဲ ကိုယ်စားလှယ်ရုံးဖွင့် နိုင်လျှင် ဗာတီကန်မှ ကိုယ်စားလှယ်အဖြင့် ကက်သိုလစ်ဘုန်းတော်ကြီးတစ်ပါး ထားပြီး မြန်မာနိုင်ငံမှ မည်သူမဆိုစေလွှတ်၍ရကြောင်းပြောကြားသည်။
''သံအမတ် သဘောပေါ့ စစ်သား၊ အရပ်သား၊ ဘာသာဝင်ဘုန်းတော်ကြီး ကြိုက်တဲ့သူပို့လို့ရတယ်။ သိမ်ဖြူလမ်းက စိန့်မေရီဝန်းထဲမှာ အဆောက်အဦကလည်းအဆင်သင့်ပြီးနေပြီ။ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်ရုံး ဆိုတော့ မြန်မာနိုင်ငံက လူတွေ ဗာတီကန်သွားရင် အရင်လို မခက်ခဲတော့ဘူး။ ဒီမှာ သံရုံးရှိတဲ့သဘောပေါ့။ သတင်းအချက်အလက်တွေ ဖလှယ်လို့ရတယ်။ နိုင်ငံကိုယ်စားလှယ်ရုံး မရှိခဲ့တဲ့အတွက် ပုပ်ရဟန်းမင်းအဆက်ဆက် ဘယ်သူမှ မြန်မာနိုင်ငံမရာက်ဖူးဘူး။ သူကဗာတီကန်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဆိုတော့ ဒီက သမ္မတဖိတ်မှလာလို့ရမှာ။'' ဟု ဦးမြင့်မောင် ပြောသည်။
လက်ရှိ ဗာတီကန်နိုင်ငံတော်တွင် ပုပ်ရဟန်းမင်းကြီး စိန့်ဖရန့်စစ် ဦးဆောင်နေပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးမရှိသောကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရုံးမှ ဂိုဏ်းချုပ်ဆရာတော် Paul Tschang In-Nam က ပူးတွဲဆောင်ရွက်နေသည်။