ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ။ ။ Pyonn ရုပ်ရှင် ထုတ်လုပ်ရေးမှ တတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ပုံဖော်ရိုက်ကူးမည့် Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီ ၁၂ရက်တွင် စတင် ရိုက်ကူးသွားမည် ဖြစ်သည်။
Pyonn ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူး ပုံဖော်မည့် Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကား ကန်တော့ပွဲကို ဖေဖော်ဝါရီလ ၉ရက် နံနက် ၉နာရီခွဲတွင် ရန်ကုန်မြို့ရှိ New Ayeyar Hotel ၌ ပြုလုပ်ခဲ့သည်။
ထိုဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ ယုန်လေး၊ ဇင်ဝိုင်း၊ ခင်လှိုင်၊ ယုသန္တာတင် ၊ ပန်းအိ အပြင် အထူးဧည့်သည် သရုပ်ဆောင်များ အဖြစ် မင်းဦး၊ ထွန်းထွန်း၊ ထူးခြား၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထားထက်ထက်၊ ယွန်းမှီမှီကျော်၊ စိုးနန္ဒာကျော် နှင့် တခြား သရုပ်ဆောင်များစွာတို့လည်း ပါဝင် ရိုက်ကူးကြမည် ဖြစ်သည်။
အဆိုတော် ယုန်လေးက "ကာရိုက်တာကတော့ Original Gangster 1 တုန်းက အတိုင်းပဲ။ ဒီဇာတ်ကား အတွက် မြင့်မြတ်ကော ကိုခင်လှိုင်ကော တက်တူးတွေ ထိုးထားကြတယ်။ Original Gangster 1 ကို ကျေနပ် အားရတဲ့အတွက် အခု ထပ်ရိုက် ဖြစ်တာပါ" ဟု ပြောသည်။
Original Gangster 2 (အမဲရောင်နယ်မြေ) ရုပ်ရှင် ဇာတ်ကားသည် ဒါရိုက်တာ ဂျိုးမှ ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး ထို ဇာတ်ကားသည် ၎င်းအတွက် ဒုတိယမြောက် အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ကာ ပင်လယ်ဝအထိ သွားရောက် ရိုက်ကူး သွားမည် ဖြစ်သည်။
သရုပ်ဆောင် မြင့်မြတ်က "ဒီကားကတော့ Original Gangster 1 ကို ကျော်ဖို့ လိုတာပေါ့။ 1 မှာ ကျွန်တော်တို့ မှန်းထားတဲ့ အတိုင်းအတာထက်ကို အောင်မြင်ခဲ့တယ်။ ဒီကား အတွက်ကို ကြိုတင် ပြင်ဆင်ထားတာတွေ ရှိပါတယ်။ အဲ့တာကြောင့် ပရိသတ် အားပေးရကျိုးနပ်မယ့် ကား ဖြစ်မယ်လို့ အာမခံပါတယ်" ဟု ပြောသည်။
Original Gangster 1 ဗီဒီယို ဇာတ်ကားကို အောင်တိုင်းကျော် ဗီဒီယို ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဒါရိုက်တာ ဂျိုး၊ ဇာတ်လမ်း ယုန်လေး၊ ဇာတ်ညွှန်း မင်းညီ သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ ယုန်လေး၊ မင်းဦး၊ ထူးခြား၊ ယုသန္တာတင် နှင့် အခြား သရုပ်ဆောင်များစွာ ပါဝင်ခဲ့ပြီး ပရိသတ် အားပေးမှု ရရှိခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်သည်။