စစ်တပ်ကို ထိခိုက်သည့် အသုံးအနှုန်းများ မသုံးရန် NLDအမတ်ကို သူရဦးရွှေမန်း သတိပေး

စစ်တပ်ကို ထိခိုက်သည့် အသုံးအနှုန်းများ မသုံးရန် NLDအမတ်ကို သူရဦးရွှေမန်း သတိပေး
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း(ဓာတ်ပုံ-မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၅)။ ။ အစိုးရစစ်တပ်မှ တပ်မတော်အရာရှိကြီးများ၏ လူမှုစီးပွားဘဝ ပြည့်စုံနေသလောက် အောက်ခြေ တပ်မတော်သားတို့၏ဘဝမှာ ဆင်းရဲချို့တဲ့နေရသည်ဟု လွှတ်တော်တွင် ဆွေးနွေးသည့် NLDအမတ်ကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေသည့် အသုံးအနှုန်းမပြောရန် သတိပေးလိုက်သည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအောင်မိုးညို၏ ဆွေးနွေးမှုကို ဇန်နဝါရီ ၁၅ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် သူရဦးရွှေမန်းက သတိပေးလိုက်ခြင်း ဖြစ်သည်။

“အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံတောင်းတောင်စီမံကိန်းလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့်ပင်လယ်ကူးသင်္ဘောလိုင်းလည်း ဦးပိုင်၊ စသည်ဖြင့် ဦးပိုင် ပိုင်တာတွေများသော်လည်း အောက်ခြေတပ်မတော်သားများရဲ့ လူမှုစီးပွားဘဝကို ဘယ်လောက် အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတစ်မယ် စားနေရပြီး အရှက်လုံရုံ ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းချဉ်ရွက် ခူးရောင်းတဲ့သူနဲ့ ဒီလို မဖြစ်သင့်ပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆွေးနွေးခဲ့သည်။

“အရာရှိကြီးများ အလျှံပယ် ပြည့်စုံနေသလောက် အောက်ခြေရဲဘော်တွေ ဆင်းရဲချို့တဲ့နေမယ်ဆိုရင် တပ်မတော်ရဲ့ ရည်မှန်းချက်” ဟု ဒေါက်တာအောင်မိုးညိုက ဆက်လက်၍ ဆွေးနွေးစဉ် သူရဦးရွှေမန်းက ကြားဖြတ်ပြီး “ဒီမှာ…ဘယ်အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။ နောက်ဆုံးအကြိမ် သတိပေးတာပါ” ဟု သတိပေးလိုက်ခြင်း ဖြစ်သည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများတွင် တပ်မတော်အနေဖြင့် လယ်ယာမြေသိမ်းဆည်းခံပြည်သူများ နစ်နာမှုမရှိရန် လျော်ကြေးပေး၍ အလေးထားဖြေရှင်းမည်ဟု ဖော်ပြထားသည်။

သို့သော် လယ်ယာမြေလျော်ကြေးများကို ကာလပေါက်ဈေးဖြင့် ပေးလျော်ရမည်ဟု သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့က ညွှန်ကြားထားသော်လည်း မကွေးတိုင်းတွင် သိမ်းဆည်းမြေ တစ်ဧကလျှင် ကျပ် ၆၀၀၀နှုန်းဖြင့်သာ လျော်ကြေးပေးသည်ဟု ဒေါက်တာအောင်မိုးညိုက လွှတ်တော်တွင် ပြောသည်။

“ကာလပေါက်ဈေးနဲ့ ပေးလျော်ရမည်ဟု သမ္မတကြီးနဲ့ ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားသော်လည်းပဲ မကွေးမှာ လက်တွေ့ကျတဲ့ လျော်ကြေးဟာ တစ်ဧက ကျပ် ၆၀၀၀ကျပ်သာ ဖြစ်တဲ့အတွက် နွားစာခေါင်းဖိုးတောင် မရှိပါဘူး” ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် ဒေါက်တာအောင်မိုးညိုအပါအဝင် လွှတ်တော်အမတ် ၂၃ဦးက ဆွေးနွေးကြမည်ဖြစ်ပြီး တစ်ဦးလျှင် ၆မိနစ်ကြာ ဆွေးနွေးရန် သူရဦးရွှေမန်းက ခွင့်ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly