လွတ်လပ်ရေးနေ့ ၂၀၁၆ ဇန်နဝါရီ ၄ရက်တွင် နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည် သတင်းများ ထွက်ပေါ်နေပြီး အင်းစိန်ထောင် အပါအဝင် အကျဉ်းထောင်အချို့ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေသူများလည်း ရှိနေသည်။
ယင်းသတင်းထွက်ပေါ်မှုများအတွက် သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဇန်နဝါရီ ၄ရက် နံနက် ၁၁နာရီခန့်က မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "မသိသေးဘူး၊ မပြောနိုင်သေးဘူးဗျ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန် အင်းစိန်ထောင်ရှေ့တွင်မူ ရွှေပြည်သာစက်မှုဇုံတွင် လုပ်ခလစာ တိုးတောင်းမှုကြောင့် အကျဉ်းကျခံရသည့် ကိုနိုင်ဌေးလွင်၏ မိသားစုများက လာရောက်စောင့်ဆိုင်းနေပြီး ကိုနိုင်ဌေးလွင်လွတ်မြောက်ရန် တောင်းဆိုနေသည်ကို တွေ့ရသည်။
မိချောင်းကန် မြေသိမ်းခံသူများကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် မိချောင်းကန်အရေးဖမ်းဆီးခံရသူများ ပြန်လည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့တွင် တောင်းဆိုနေကြသည်။