ရန်ကုန်၊ ဒီဇင်ဘာ ၂၀။ ။နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အစိုးရအင်အားစုမှမဟုတ်သည့် တိုင်းရင်းသားလူမျိုးများ ကိုလည်း နိုင်ငံရေးဆွေးနွေးပွဲသို့ ဖိတ်ကြားကာ ဆွေးနွေးမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဒု-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ဒီဇင်ဘာ ၁၉ရက်က မဇ္ဈိမကိုပြောသည်။
"ရှင်းရှင်းပြောရရင် နိုင်ငံအတွင်းကဘယ်ကဏ္ဍကမှမကျန်ရအောင် လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အစိုးရ အစုအဖွဲ့တွေမှာ မပါသေးတဲ့ နိုင်ငံတွင်းကျန်နေတဲ့မျိုးနွယ်စုတွေ၊ ဥပမာ "သက်၊ဆလုံ" တို့လိုမျိုးတွေပေါ့။ သူတို့အမြင်သဘောထားတွေစုစည်းတင်ပြ သူတို့တွေအတွက်ကော ဘာတွေလုပ်ဖို့လိုနေလဲဆိုတာတွေ ဆွေးနွေးနိုင်ဖို့ပါ။" ဟု ၎င်းကဆိုသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရကောက်ခံရရှိသည့်တိုင်းရင်းသားလူမျိုးများ သတ်မှတ်နိုင်ရေးအတွက် ကောက်ခံရရှိသည့် မျိုးနွယ်စုဦးရေကိုစာရင်းရေးသွင်းနေပြီး အစိုးရအဖွဲ့သို့တင်ပြကာ၊ မျိုးနွယ်စုသတ်မှတ် နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ထုတ်ပြန်နိုင်မှုအချိန်ကိုမူ အတိအကျမပြောနိုင်သေးကြောင်း ဗဟိုသန်းခေါင် စာရင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္ဈိမကိုပြောသည်။
လက်ရှိ ၁၉၈၃ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅မျိုးထိရှိနေပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းရလာဒ်အရ ပေါ်ထွက်လာမည့် တိုင်းရင်းသားမျိုးနွယ်စုတို့ကိုမူ ထုတ်ပြန်နိုင်ခြင်းမရှိသေးပေ။
သမ္မတဦးသိန်းစိန်ကလည်း နိုင်ငံရေးဆွေးနွေးပွဲများကို ဇန်နဝါရီ ၁၂ရက်တွင်၊ စတင်ပြုလုပ်မည်ဟု ဒီဇင်ဘာ ၁၈ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံရေးဆွေးနွေးပွဲကို UPDJC မှတာဝန်ယူကျင်းပမည်ဖြစ်ပြီး၊ အစိုးရ ၇၅၊ လွှတ်တော် ၇၅၊ တပ်မတော် ၁၅၀၊ လက်နက်ကိုင် ၁၅၀၊ နိုင်ငံရေးပါတီ ၁၅၀၊ တိုင်းရင်းသားမျိုးနွယ်စု ၅၀ နှင့် ဖိတ်ကြားသင့်သူ ၅၀၊ စုစုပေါင်း ၇၀၀ ဖြင့်ကျင်းပရန် ဒီဇင်ဘာ ၁၅ရက်တွင်အတည်ပြုခဲ့သည့် နိုင်ငံရေးမူဘောင်တွင်ပါရှိသည်။
"ဆလုံအပြင် ပြင်ပက၊ပါတီထဲမှာမပါတဲ့ကျန်နေတဲ့တိုင်းရင်းသားတွေကို ဖိတ်မယ်လို့နားလည်ထားတယ်၊ ဘယ်သူတွေဆိုတာကိုတော့မသိရသေးဘူး။ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့သူတွေလည်းပါတယ်။" ဟု UPDJC အဖွဲ့ဝင် ဦးခင်မောင်ဆွေကဆိုသည်။
ဖိတ်ကြားသင့်သူ ၅၀ဦးတွင် အစိုးရကနှင့် ပြည်နယ်အဆင့်အပစ်ရပ်လက်မှတ်ရေးထိုးခဲ့သည့်အဖွဲ့ ၁၆ခုမှ လက်မှတ်မထိုးသေးသည့် ၈ဖွဲ့ကို တစ်ဖွဲ့လျှင် ၃ဦးမှ၊ ၅ဦး နှင့် မည်သည့်လက်မှတ်မှမထိုးရသေးသည့် ကျန်ရှိအဖွဲ့များကိုတစ်ဖွဲ့လျှင် ၃ဦးနှုန်းဖြင့် နိုင်ငံရေးဆွေးနွေးပွဲသို့ဖိတ်ကြားမည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း EAOs ၂၁ဖွဲ့အထိရှိနေသည်။