ဒမတ်စကပ်၊ ဒီဇင်ဘာ ၁၂ ။ ။ အိုင်အက်စ်အဖွဲ့က ရေနံရောင်းချငွေမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။
အိုင်အက်စ်တို့၏ ရေနံကို တိုက်ပွဲများဖြစ်နေလင့်ကစား ဆီးရီးယားသမ္မတ အာဆတ်အစိုးရက အဓိကဝယ်ယူခြင်းဖြစ်ကြောင်း အဒန်ဇူဘင်က ဘီဘီစီသို့ ပြောသည်။
ထိုပြင် အိုင်အက်စ်တို့က သိမ်းပိုက်နယ်မြေများရှိ ဘဏ်များမှ တရားမဲ့ သိမ်းယူထားသည့် ငွေကြေးပမာဏက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိကြောင်းလည်း ၎င်းက ပြောသည်။
အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များက ဆီးရီးယားနှင့် အီရတ်ရှိ ရေနံလုပ်ကွက်များအပါအဝင် အိုင်အက်စ်ပစ်မှတ်များကို လေကြောင်းထိုးစစ်ဆင်လျက်ရှိရာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။
အိုင်အက်စ်ဘဏ္ဍာထိန်းကို လေကြောင်းထိုးစစ်အတွင်း သုတ်သင်လိုက်နိုင်ကြောင်း ပင်တဂွန်က ဒီဇင်ဘာ ၁၀ ရက်က ကြေညာထားသည်။
“ဆီးရီးယားအစိုးရနဲ့ အိုင်အက်စ်တို့က တစ်ဦးကို တစ်ဦး အမဲဖျက်နေကြတယ်။ ဒီပြင်လည်း ကုန်သွယ်မှုကနေ ဒေါ်လာသန်းနဲ့ချီ အရောင်းအဝယ်လည်း လုပ်နေတယ်။”ဟု ဇူဘင်က ပြောကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
အိုင်အက်စ်ရေနံကို တူရကီမှလည်း ဝယ်ယူနေပြီး ရေနံရောင်းချမှုမှ အိုင်အက်စ်တို့က တစ်လလျှင် ဒေါ်လာ သန်း ၄၀ ကျော် ဝင်ငွေရရှိနေဖွယ်ရှိကြောင်းလည်း ၎င်းက ခန့်မှန်းထားသည်။
အိုင်အက်စ်ချေမှုန်းရေးအတွက် ညွန့်ပေါင်းအဖွဲ့၏ မဟာဗျူဟာအဓိကအပိုင်းမှာ ၎င်းတို့၏ ဘဏ္ဍာငွေစီးဝင်ရာ ဖြတ်တောက်ပစ်ရေးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။