ဘုရင့်မိသားစုအပေါ် ဝေဖန်ပြောဆိုမှုအား တားမြစ်ထားသည့်ဥပဒေကို မှတ်ချက်ပေးဝေဖန်ခဲ့သည့် အမေရိကန်သံအမတ်ကြီးအား စုံစမ်းစစ်ဆေးနေမှုအပေါ် နိုင်ငံကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (International Amnesty) က ထိုင်းအစိုးရကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်းထန်စွာ ဝေဖန်လိုက်သည်။
ထိုင်းနိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ထိန်းချုပ်ရန် အဆိုပါ ဥပဒေအားအသုံးပြုမှုကို ရပ်တန့်ရန်လည်း အဆိုပါ အဖွဲ့က တောင်းဆိုလိုက်သည်။
အထူးသဖြင့် ထိုင်းစစ်တပ်က ပြီးခဲ့သည့်နှစ်အတွင်း အာဏာသိမ်းပြီးနောက် ယင်းဥပဒေဖြင့် မျှတမှုမရှိသော ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့မှုကြောင့် သံအမတ်ကြီး ဂလင်းဒေးဗစ်အား ထိုင်းရဲများက အမှုဖွင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။
နိုဝင်ဘာလမှ စတင်၍ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေးဗစ်သည် နိုဝင်ဘာ ၂၅ ရက်က နိုင်ငံခြားသတင်းထောက်များကလပ်တွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
Amnesty International မှ သုတေသနဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူးအင်ဒရေးဂေါ်ရန်က "ထိုင်းအာဏာပိုင်တွေအနေနဲ့ ဒီဥပဒေကို အသုံးပြုပြီး လွတ်လပ်စွာ အခွင့်အရေးထုတ်ဖော်တောင်းဆိုသူတွေကို ထောင်ချပါတယ်။ အချို့ဆိုရင် စစ်ခုံရုံးမှာ အယူခံခွင့်တောင်မရပါဘူး" ဟု ပြောသည်။
ထိုင်းနိုင်ငံ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၂ အရ တစ်စုံတစ်ဦးသည် ဘုရင်၊ ကြင်ယာတော်နှင့်နောက်ပါရံရွေတော်များကို စော်ကားမှု၊ ခြိမ်းခြောက်မှု၊ အသရေ ဖျက်မှုများ ပြုလုပ်ပါက ထောင်ဒဏ် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။