နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက် ။ ။ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အမတ် ၁၀ ဦးသည် ရွေးကောက်ပွဲကုန်ကျစရိတ် သုံးစွဲမှုများကို ဒီဇင်ဘာလ ၈ ရက်က ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံသို့တင်ပြခဲ့သည်။
တစ်ဦးချင်းစီတင်ပြခဲ့သည့် စုစုပေါင်း ကုန်ကျစရိတ်နှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့် ကာလအတွင်း သုံးစွဲမှုများကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်ရုံးရှိ ကြေငြာဘုတ်တွင် ကပ်ထားပေးသည်ကို တွေ့ရသည်။
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရှစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာတွင် နိုင်ငံရေးပါတီ ကိုယ်စားပြု အမတ်လောင်းများ နှင့် တစ်သီးပုဂ္ဂလအမတ်လောင်း စုစုပေါင်း ၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၄၃ ဦးအနက် ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ကော်မရှင်ထံ တင်ပြပြီးသူမှာ ဒီဇင်ဘာလ ၈ ရက်အထိ ၃၃ ဦးရှိပြီဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီမှ နေပြည်တော်ကောင်စီ နယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် ၁၀ ဦးအနက် ခုနှစ်ဦးမှာ ရွေးကောက်ပွဲ ကုန်ကျစရိတ်တင်ပြပြီးဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ သိရသည်။
ရွေးကောက်ပွဲကုန်ကျစရိတ်များကို ကိုယ်စားလှယ်လောင်းစာရင်းကြေငြာပြီး ရက်ပေါင်းသုံးဆယ်အတွင်း သက်ဆိုင်ရာ မြို ့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့တင်ပြရမည်ဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေရှိ အနိုင်ရအမတ်များစာရင်းကို နိုဝင်ဘာလ ၁၂ ရက်က ကြောငြာခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၁ ရက် နောက်ဆုံးထားကာ ရွေးကောက်ပွဲကုန်ကျစရိတ်များတင်ပြရမည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ရှစ်နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် နှစ် နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြည်သူ့လွှတ်တော် ခုနှစ်နေရာ နှင့် အမျိုးသားလွှတ်တော် တစ်နေရာတွင် အနိုင်ရရှိခဲ့သည်။