ဒီဇင်ဘာ ၇၊ ရန်ကုန် ။ ။ ၂၀၁၅ ခုနှစ် ၈ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် တတိယနေ့ပွဲစဉ်များအပြီးတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၀ ခုထိ ရရှိထားပြီး ရေကူးအားကစား အဖွဲ့မှ ရွှေတံဆိပ် ခြောက်ခုထိ အများဆုံးရယူပေးထားသည်။
ဒီဇင်ဘာ ၆ ရက်နေ့အပြီးတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၂၂ ခု ရရှိထားပြီး နိုင်ငံအလိုက် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။
မြန်မာနိုင်ငံမှ ရရှိထားသည့် ရွှေတံဆိပ် ၁၀ ခုအနက် ခြောက်ခုကို ရေကူးကစားနည်းမှ ရယူပေးထားပြီး ပြေးခုန်ပစ်နှင့် စစ်တုရင်ကစားနည်းတို့မှ ရွှေတံဆိပ် နှစ်ခုစီ ရယူပေးထားကြသည်။
အလားတူ မြန်မာနိုင်ငံအတွက် ငွေတံဆိပ် ၁၀ ခုကို ပြေးခုနစ်ပစ်နှင့် ရေကူးအဖွဲ့တို့မှ ငါးခုစီ ရယူပေးထားသည်။ ကြေးတံဆိပ် ၂၂ ခုကို ပြေးခုန်ပစ်ကစားနည်းမှ ၁၂ ခု၊ စစ်တုရင် ကစားနည်းမှ နှစ်ခု ၊ရေကူးကစားနည်းမှ ငါးခု၊ စားပွဲတင် တင်းနစ် ကစားနည်းမှ နှစ်ခုနှင့် ဘိုးလင်းကစားနည်းတို့မှ တစ်ခု အသီးသီးရယူပေးထားကြသည်။
စင်ကာပူနိုင်ငံတွင် ကျင်းပလျက်ရှိ သည့် ၈ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲမှာ လာမည့် ဒီဇင်ဘာ ၉ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး လက်ရှိအချိန် တွင် အင်ဒိုနီးရှားနိုင်ငံမှ ရွှေတံဆိပ် ၅၄ ခုဖြင့် နိုင်ငံအလိုက် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။
နိုင်ငံအလိုက် ဒုတိယ နေရာတွင် ထိုင်းနိုင်ငံက ရွှေတံဆိပ် ၄၈ ခု၊ တတိယနေရာတွင် မလေးရှားနိုင်ငံက ရွှေတံဆိပ် ၃၃ ခု၊ စတုထ္ထနေရာတွင် ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၃၁ ခုနှင့် ပဉ္စမနေရာတွင် အိမ်ရှင် စင်ကာပူနိုင်ငံက ရွှေတံဆိပ် ၁၈ ခုဖြင့် ရပ်တည်နေသည်။
၈ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကစားနည်း ၁၁ နည်းနှင့်အတူ အားကစားသမား စုစုပေါင်း ၁၀၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိနေသည်။