နေပြည်တော်၊ ဒီဇင်ဘာ ၁ ။ ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို နောက်တက်လာမည့် အစိုးရအနေဖြင့် လိုအပ်သလို ဖြည့်စွက်ကာ ဆက်လက်အကောင်အထည်ဖော် ရမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ောထင်စုဝန်ကြီး ဦးအောင်မင်းက ဒီဇင်ဘာလ ၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားလိုက်သည်။
“နောင်အစိုးရတက်လာတဲ့အခါမှာလည်း NCA ထဲမှာ ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရေးနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများ ကျင်းပနိုင်ရေးတို့ဆိုတာကို အကောင်အထည်ဖော်ရမှာပဲဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးခိုင်မာစေရေးအတွက် စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များကို ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ် ဘက်မှာတော့ အပြောင်းအလဲများများစားစားရှိမှာမဟုတ်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ NCA ပါ အချက် တွေကတော့ အခြေခံကျောရိုးကို ပဲဖော်ပြထားတာဖြစ်တဲ့ အတွက် နောင်တက်လာမယ့် အစိုးရအနေနဲ့ အသေးစိတ်မူဝါဒများ ကို လိုအပ်သလိုချမှတ်ဖြည့်စွက်သွားနိုင်မှာဖြစ်ပါတယ်။ ” ဟု ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်ဆိုင်းရေးသဘောတူညီချက် NCA ခိုင်မာအောင် နှစ်ဘက်လိုက်နာရမည့် အချက်များ၊ ပြည်သူလူထုကိုအကာအကွယ်ရေးဆွဲထာသောအချက်များကို ထည့်သွင်းရေး ဆွဲထားသည်။
ထည့်သွင်းရေးဆွဲထားသည့် အချက်များ အကောင်အထည်ဖော်ရန်အတွက် ပစ်ခတ်တိုက်ခိုက်ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရက်ပေါင်း ၆၀ အတွင်း ရေးဆွဲရန်လည်း NCA ရေးထိုးရာတွင် သဘောတူညီခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးရာတွင် နှစ်ဘက်လုံးမှ စာချုပ်လက်မှတ်ရေးထိုးပြီးချိန်တွင် လွှတ်တော်တွင် အတည်ပြုချက်ရယူရန် သဘောတူညီခဲ့ကြသည့် အတွက် ယနေ့ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ပေးပို့ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်၏အတည်ပြုချက် ရယူပြီးပါက စာချုပ်ပါအချက်အလက်များကို အကောင်အထည်ဖော်နိုင်ခြင်း နှင့် ဆက်စပ်နေသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန်အတွက် အတည်ပြုပေးရန် ဦးအောင်မင်းက လွှတ်တော်သို့တောင်းဆိုခဲ့သည်။
အတည်ပြုရန် ကိစ္စနှင့်ပက်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုပါက ဒီဇင်ဘာ ၂ ရက် ညနေလေးနာရီတွင် လွှတ်တော်ရုံးသို့စာရင်းပေးသွင်းရမည်ဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးပြီးနောက် အတည်ပြု ၊ မပြုကို လွှတ်တော်တွင် ဆုံးဖြတ်သွားမည်ဖြစ်သည်။