စစ်တွေ၊ နိုဝင်ဘာ ၂၄ ။ ။ ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၅-၂၀၁၆ ခုနှစ် လုပ်ငန်းစဉ်နှင့် ပတ်သတ်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်က စစ်တွေမြို့ အထက (၄) မဟာပညာကျော်ခန်းမ၌ ကျင်းပြုခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင် ခဲ့သည့် လုပ်ငန်းစဉ်နှင့် လက်ရှိလုပ်ဆောင်နေဆဲ လုပ်ငန်းစဉ်များကို ဆွေနွေးတင်ပြကြပြီး လုပ်ငန်းလုပ်ဆောင်ချက်များ အားနည်းသည့် ကုမ္ပဏီများကိုလည်း အစိုးရရုံးသို့ အထိုက်အလျောက် တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အဖြေဖြင့် တင်ပြခဲ့သော ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ဖြစ်သည့် အခြေခံအဆောက်အအုံများ လမ်း၊ တံတား၊ ရေ၊ မီး၊ ကျေးလက်အိမ်ယာ၊ ယင်လုံအိမ်သာ အစရှိသည်တို့ကို ဆောင်ရွက်နေကြောင်း ပြည်နယ်ညွန်ကြားရေးမှူး ဦးထွန်းဝေက ဆိုသည်။
“ဒီနှစ်ဆိုလို့ရှိရင် ကျနော်တို့ မြစိမ်းရောင်ရွာစီမံကိန်းက ကျေးလက်ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့ နေ့စဉ်ဝင်ငွေရရှိဖို့အတွက် ရွာတစ်ရွာကို သိန်း ၃၀၀ စီ မတည်ပြီးတော့ ကျတော်တို့ အတိုးနှုန်းအလွန်နည်းပါးတဲ့ ချေးငွေတွေကို ထုတ်ချေးနေပါတယ်။ ဒီနှစ်ဆိုရင် မြို့နယ်တစ်ခုကို ၁၃ ရွာ ၁၅ ရွာစသည်အားဖြင့် လုပ်နေကြတာပဲ” ဟု ယင်းကပြောသည်။
ကျေးလက်ဒေသနေပြည်သူများက ခေတ်ပညာကို မတတ်ကြ၍ စရင်းဇယားထိန်းသိမ်းသောစနစ်၊ ရန်ပုံငွေများလည်ပတ်မှုကိစ္စများ၊ ချေးငွေထုတ်ပေးမှုများ၊ အတိုးအရင်းပြန်လည်ပေးဆပ်မှုများသည် အဆင်မပြေဖြစ်ခြင်းတို့ ကြုံတွေ့ရသည်ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း တစ်ရွာလျှင် ကျပ်သိန်းပေါင်း ၃၀၀ ဖြင့် ကျေးရွာပေါင်း ၂၉၁ ရွာအား ချေးငွေများ ထုတ်ချေးထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ယင်းချေးငွေမှာ ၈.၇၃ မီလီယံဖြစ်ပြီး ငွေကျေးပျောက်ပျက်မှု မရှိစေရန် ကွမ်းယာရောင်းခြင်းမှအစ အသီးအနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ခြင်းတို့ကို လုပ်ခွင့်ပေးကာ ကျေးလက်နေပြည်တို့၏ အရင်းအနှီးများကို ထိရောက်သောနည်းလမ်းဖြင့် စားဝတ်နေရေး အတွက် ပညာရေး၊ ကျန်းမားရေးကို အထောက်အကူပြုသည့် ဝင်ငွေများရရှိအောင် အချိန်နှင့် တစ်ပြေးညီ ကွင်းဆင်းပြီး ဆောင်ရွက်နေကြောင်းသိရသည်။