အောက်တိုဘာ ၂၈ ရက် ။ ။ တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူကြမည့် မဲရုံအဖွဲ့ဝင်များ၊ မဲပေးရမည့် နိုဝင်ဘာ ၈ ရက်တွင် ခရီးသွားရန်ရှိသူများနှင့် အခြားကြိုတင်မဲပေးခွင့်ရှိသူများအတွက် သတ်မှတ်ရက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က အောက်တိုဘာ ၂၇ တွင် ထုတ်ပြန် လိုက်သည်။
မဲပေးရန် ၁၀ ရက်တာကာလသာ ကျန်တော့သည့်အချိန်တွင် ထုတ်ပြန်လိုက်မှုအရ တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများ အနေဖြင့် 'ခိုင်လုံသောထောက်ခံချက်' ဖြင့် ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်ဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၂၉ မှစ၍ စိစစ်ခွင့်ပြုပေးမည်ဟု ဆိုသည်။
မဲပေးရမည့်နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူကြမည့် မဲရုံအဖွဲ့ဝင်များ၊ မဲပေးရမည့်နေ့တွင် ခရီးသွားရန်ရှိသူများကို နိုဝင်ဘာလ (၆) ရက် နှင့် (၇) ရက် နေ့များတွင် ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်မဲ ပေးခွင့်ပြုထားသည်။ မည်သို့သော အထောက်အထားပြသမှသာ ကြိုတင်မဲပေးခွင့်ရမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။
မဲဆန္ဒနယ်အတွင်းရှိ မဲရုံသို့ ကိုယ်တိုင်မလာရောက်နိုင်သော ရောဂါဝေဒနာခံစားနေရသူများ၊ အသက်အရွယ်ကြီးရင့် နေသူများ၊ သားဖွားနေသူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသခြင်းခံနေရသူများအား ကြိုတင် မဲပေးနိုင်ရန်အတွက်မူ ရွေးကောက်ပွဲကျင်းပမည့် နေ့မတိုင်မီ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဝင် နှစ်ဦးက လာရောက်တွေ့ဆုံ လက်ခံရ ယူမည်ဖြစ်သည်။
ကြိုတင်မဲကောက်ခြင်းကို ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သတင်းမီဒီယာများနှင့် အခြား စောင့်ကြည့်လေ့လာရန် ဆန္ဒရှိသူများအနေဖြင့် စောင့်ကြည့်လေ့လာခြင်း၊ လိုက်ပါကြည့် ရှုခြင်း ပြုလုပ်နိုင်သည်ဟု UEC က အတိအလင်း ဖော်ပြထားသည်။
ထို့ကြောင့် ကြိုတင်မဲနှင့်ပတ်သက်၍ မည်သည့်နေရာ၊ မည်သူ၊ မည်သည့်နေ့ရက်အချိန်၊ မည်သို့သွားရောက် ကောက်ခံ/ လက်ခံမည် စသည့်အချက်များကို လေ့လာစောင့်ကြည့်မည့်သူများ ကြိုတင်သိရှိနိုင်ရန် အရေးကြီးသည်ကို တွေ့ရှိရသည်။
ကြိုတင်မဲပေးပြီးသော လက်မှတ်များအား စာအိတ်ထဲတွင်ထည့်ပြီး သေချာစွာပိတ်ရမည်ဖြစ်သည်။ ထို့နောက် မဲရုံ ကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးဖြင့် ပိတ်ထားသော မဲပုံးအတွင်းသို့ ထည့်ရမည်။ ၎င်းမဲပုံးအား "လူမြင်နိုင်သောနေရာ" တွင် ထားရှိ စောင့်ကြပ်ထိန်းသိမ်းထားရမည်ဟုလည်း ဆိုသည်။
မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးသူစာရင်းအား ပုံစံ (၁၃) တွင် စာရင်းသွင်း ဖော်ပြရမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ကြိုတင်မဲများထည့်ထားသော မဲပုံးအား ပုံစံ (၁၃) နှင့် တကွ မဲရုံမှူးထံ အပ်နှံရမည်။
လက်မှတ်ရေးထိုးထားသော ပုံစံ (၁၃) လေးစောင်တွင် မဲရုံမှူးက လက်မှတ်ရေးထိုးပြီးနောက် တစ်စောင်ကို မဲရုံတွင် ကပ်၍ တစ်စောင်အား လက်ခံအဖြစ် ထိန်းသိမ်းထားရမည်။ ကျန်နှစ်စောင်အား ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။ ကော်မရှင်အဖွဲ့ခွဲသည် တစ်စောင်ကို ရုံးတွင်ကပ်၍ တစ်စောင်အား လက်ခံအဖြစ် ထိန်းသိမ်းထားရမည်ဟု UEC က အောက်တိုဘာ ၂၇ တွင် ကြေညာထားသည်။
ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံမဖွင့်မီ ပုံစံ (၁၃) နှင့်တကွ အပ်နှံထားသော ကြိုတင်မဲများမှအပ မဲရုံသို့ နောက်ကျ ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲများအား ပယ်မဲအဖြစ် UEC က သတ်မှတ်ထားသည်။