အောက်တိုဘာ ၂၇၊ မန်ချက်စတာ ။ ။ မန်ယူနည်းပြ လူးဝစ္စဗန်ဟားလ်က လာမည့် ဇန်နဝါရီလအပြောင်းအရွှေ့တွင် အသင်းအတွက် လိုအပ်သည့်နေရာများကို အင်အားဖြည့်တင်း ဦးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ဗန်ဟားလ်က လက်ရှိအသင်းကို ပိုမိုအင်အားတောင့်တင်းလာစေရန်အတွက် တိုက်စစ်ပိုင်းတွင် ပြေးနှုန်းမြန်ဆန်ပြီး ဖန်တီးနိုင်မှုအားကောင်းသည့် ကစားသမားသစ်များဝယ်ယူမည်ဟု ပြောသည်။
မန်ယူအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလက ဒီပေး၊ ရှဝိန်းစတိုင်ဂါ၊ ရှနိုက်ဒါလင်၊ မာရှယ်၊ ဒါမီယန်နှင့် ဂိုးသမားရိုမီယိုတို့ကို ဝယ်ယူခဲ့ပြီးဖြစ်သော်လည်း ယခုဆောင်းရာသီအပြောင်းအရွှေ့တွင် ကစားသမားသစ်များ ထပ်မံဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဗန်ဟားလ်က 'ကျွန်တော်ပြောခဲ့ပြီးသလိုပါပဲ။ အပြောင်းအရွှေ့ကာလမှာ ကျွန်တော်လိုချင်တဲ့ ကစားသမားတိုင်းကို ဝယ်ယူနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အပြောင်းအရွှေ့ဈေးကွက်ဖြစ်နေလို့ပါ။
တိုက်စစ်ပိုင်းအတွက် ပြေးနှုန်းပိုမြန်ပြီး ဖန်တီးနိုင်မှုစွမ်းအားကောင်းတဲ့ ကစားသမားသစ်တွေ လိုအပ်ပါတယ်။ အဲ့ဒီလိုကစားသမားတွေကို ကျွန်တော် ဝယ်မှာပါ။ အဲ့ဒီလိုကစားသမားတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီထက်ကို ပိုလိုအပ်ပါသေးတယ်' ဟု ပြောသည်။
Ref ; ဒေးလီးစတား