နယူးဒေလီ၊ အောက်တိုဘာ - ၉ ။ ။ လုပ်ငန်းခွင်အခြေအနေအပေါ် မကျေနပ်ချက်ကို ဖွင့်ဟပြောကြားသည့်အတွက် တမီနာဒူးပြည်နယ်မှ အိမ်ဖော်အမျိုးသမီးတစ်ဦးကို သူမ၏ ဆော်ဒီအလုပ်ရှင်က လက်ဖြတ်ပစ်လိုက်သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် အိန္ဒိယက ဆန့်ကျင်ကန့်ကွက်ကြောင်း ရီယာ့မှ အာဏာပိုင်များကို ပြောကြားခဲ့သည်ဟု ဆိုသည်။
ယခု ရီယာ့ရှိ ဆေးရုံတစ်ရုံတွင် ကုသမှုခံယူနေရသည့် အသက်၅၅နှစ်အရွယ် ကက်စ်သူရီ မူနီရာသီနမ်အပေါ် ရက်ရက်စက်စက် တိုက်ခိုက်မှုကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုမှာ မုဒိမ်းမှုဖြင့် စွပ်စွဲခံနေရသည့် နယူးဒေလီအခြစိုက် ဆော်ဒီသံတမန်တစ်ဦး နိုင်ငံမှ ထွက်ပြေးသွားပြီးနောက် ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။
‘ဆော်ဒီအာရေဗျမှာ အိန္ဒိယအမျိုးသမီးတွေ ရက်စက်ကြမ်းကြုတ်တဲ့ပုံစံနဲ့ အဆက်ဆံခံနေရတာနဲ့ ပတ်သက်လို့ အလွန်ကိုပဲ စိမ်မချမ်းမမြေ့ဖြစ်ရပါတယ်’’ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆုရှ်မာ ဆွာရက်က လူမှုကွန်ရက် တွစ်တာတွင် ပြောကြားခဲ့သည်။ ‘ဒါက လက်ခံနိုင်ဖွယ်မရှိပါဘူး။ ကျမတို့ ဒီကိစ္စကို ဆော်ဒီအာဏာပိုင်တွေနဲ့ ဖြေရှင်းသွားမှာပါ’’ဟုလည်း သူမက ပြောကြားခဲ့သည်။
ရီယာ့ရှိ အိန္ဒိယသံတမန်များကလည်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာသို့ မကျေနပ်ကြောင်း တရားဝင်ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
မူနီရာသီနမ်မှာ တောင်ပိုင်း တမီနာဒူးပြည်နယ် ရွာကလေးတစ်ရွာမှဖြစ်ပြီး သုံးလအလွန်က ဆော်ဒီအာရေဗျတွင် အိမ်ဖော်အဖြစ် စတင်လုပ်ကိုင်စဉ်ကတည်းက နှိပ်စက်မှုအမျိုးမျိုးကို ခံစားလာနေခဲ့ ရသည်ဟု သူမ၏ မိသားစုထံမှ သိရသည်။
‘သူက နှိပ်စက်မှုဒဏ်က လွတ်အောင်ကြိုးစားတဲ့အခါ သူ့ရဲ့ ညာလက်ကို အလုပ်ရှင်အမျိုးသမီးက ဖြတ်ပစ်လိုက်တာပါပဲ’’ဟု သူမ၏ ညီမဖြစ်သူ အက်စ် ဝိဇယကုမ္မာရီက Press Trust of India (PTI)သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသည့် မူနီရာသီနမ်၏ ပုံများကို အိန္ဒိယမီဒီယာအတော်များများက ထုတ်လွှင့်လာကြသည်။ မူနီရာသီနမ်မှာ ဆေးရုံတွင် နာလံထစသာရှိသေးပြီး သူမကို နိုင်ငံသို့ ပြန်ခေါ်ရန် ကြိုးစားနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗီကက်စ် ဆွာရပ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။