ဖနွမ်ပင်၊ အောက်တိုဘာ ၂ ။ ။ ဖေ့စ်ဘွတ်တွင် တင်ခဲ့သည့် ကွန်းမင့်များအတွက် ထောင်ဒဏ် ၁၇ နှစ်အထိကျခံရနိုင်သော စွဲချက်များဖြင့် ရင်ဆိုင်နေရသော ကမ္ဘောဒီးယား အတိုက်အခံ အထက်လွှတ်တော်အမတ်တစ်ဦး၏ အာမခံပေးရန်မေတ္တာရပ်ခံမှုကို ကမ္ဘောဒီးယား တရားရုံးတစ်ခုက ပယ်ချလိုက်သည်။
အမတ် ဟောင်ဆော့အာဝါသည် အောက်တိုဘာ ၂ ရက်နေ့က လိမ္မော်ရောင်ထောင်ဝတ်စုံဖြင့် ဖနွမ်ပင်မြူနီစီပယ်တရားရုံးသို့ ရောက်လာခဲ့သည်။ ဖေ့စ်ဘွတ်တွင် ဟောင်၏ သုံးသပ်ရေးသားမှုများ သည်နိုင်ငံတော် သစ္စာဖောက်မှုဖြစ်သည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့က အဖမ်းခံခဲ့ရသည်။
ဖေ့စ်ဘွတ်တွင် တင်ခဲ့သော ဝေဖန်သုံးသပ်မှုများတွင် ၃၆ နှစ်ကြာမြင့်နေပြီဖြစ်သော ဗီယက်နမ်နှင့် နယ်စပ်သဘောတူညီချက်ကို ဟောင်က ဝေဖန်ခဲ့သည်။
၎င်းအား ဖရိုဖရဲဖြစ်စေရန်လှုံ့ဆော်မှုအပါအဝင် အခြားစွဲချက်နှစ်ခုတို့ဖြင့် စွဲချက်တင်ထားသည်။ ၎င်းကမူ စွဲချက်များကို ငြင်းဆိုထားသည်။
Human Rights Watch (HRW) လူ့အခွင့်အရေးအဖွဲ့က အမှုကို ပလပ်ရန်တောင်းဆိုခဲ့ပြီး ဟောင်ဆော့အာဝါသည် မှားယွင်းစွာ စွဲချက်တင်ခံရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအားတရားစွဲဆိုခြင်းက နိုင်ငံရေးအတိုက်အခံများကို အစိုးရက နှိပ်ကွပ်ခြင်းဖြစ်သည်ဟုလည်း HRW ကဆိုသည်။