တစ်နိုင်ငံလုံးမှာ မဲစာရင်းအမှားတွေများနေလျင် ပြီးပြည့်စုံသည့် ရွေးကောက်ပွဲမဖြစ်နိုင်သည့်အတွက် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းအဖွဲ့အစည်းမှ ဦးကိုကိုကြီးက စက်တင်ဘာ ၂၁ရက်က ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် တိုက်တွန်းလိုက်သည်။
ဦးကိုကိုကြီးပြောကြားမှု -
ပြည်သူတွေ နိုင်ငံရေးမှာပါနိုင်တဲ့ နည်းလမ်းက နှစ်ခုပဲ ရှိတယ်။ တစ်ခုက လမ်းပေါ်ထွက်တာ။ တစ်ခုက မဲပုံးထဲ မဲထည့်တာ။ ငြိမ်းငြိမ်းချမ်းချမ်းပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပြည်သူတွေ လွတ်လွတ်လပ်လပ်၊ တက်တက်ကြွကြွ မဲထည့်နိုင်ဖို့ဟာ အကောင်းဆုံးနည်းလမ်းပဲ။ သို့သော် အဲ့ဒီနည်းလမ်းဟာလည်းပဲ အကန့်အသတ်တွေ ရှိတယ်။
မဲထည့်တဲ့အခါ အရင်ဆုံးက မဲစာရင်းမှာ ကိုယ့်နာမည်မပါရင်၊ အဲ့ဒီ့မဲစာရင်းမှာ နာမည်မပါတဲ့ အရည်အတွက်က တစ်နိုင်ငံလုံးမှာ အဆမတန်များပြားနေရင် ပြည့်စုံတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ဘူး။
မဲစာရင်းထဲမှာတော့ပါပြီ။ မဲသွားမပေးကြဘူး။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ နည်းရင်လည်း ရွေးကောက်ပွဲရလာဒ်ရဲ့ အရည်အသွေးဟာ ကျမှာပဲ။
နိုင်ငံကို စနစ်ပြောင်းဖို့အတွက် ကျွန်တော်တို့ဖြစ်စေချင်တဲ့ ကျွန်တော်တို့ယုံကြည်တဲ့သူတွေ လက်ထဲကို လုပ်ပိုင်ခွင့်ရောက်ဖို့ ကြိုးစားတာဟာ ပြည်သူတွေကို ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ ကမ်ပိန်းဟာ ဘယ်သူ့ကိုမဲပေးဖို့ဆိုပြီး လုပ်တဲ့ ကန်ပိန်းမဟုတ်ဘူး။ မဲစာရင်းထဲမှာပါဖို့ အားစိုက်ပါ။ မဲစာရင်းထဲပါရင် မဲပေးဖြစ်အောင်ပေးပါ။ ပေးလိုက်တဲ့မဲတွေ ပယ်မဲမဖြစ်အောင် ဂရုစိုက်ပါ။
ကျန်တာကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒရှင်တွေရဲ့ အဆုံးအဖြတ်အတိုင်း၊ ဘယ်ပါတီနိုင်တယ်။ ဘယ်ပုဂ္ဂိုလ်တွေနိုင်တယ်ဆိုတာကို ရွေးကောက်ပွဲဦးဆောင် ကျင်းပသူများက လေးလေးစားစားနဲ့ အကောင်အထည်ဖော်ပေးဖို့။ အဲ့ဒီဖြစ်စဉ် အားလုံးမှာ ပြည်သူတွေပါဝင်ရင် ကျွန်တော်တို့ စနစ်ပြောင်းဖို့ ကြိုးစားမှုဟာ အထိအခိုက် အရှအနာနည်းနည်းနဲ့ ပြောင်းနိုင်မယ်။