ရန်ကုန် သြဂုတ် ၂၁ ။ ။ ဗိုလ်တစ်ထောင်မြို့နယ် လင်းစဒေါင်းရှိ၊ တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ ဓါတ်ငွေစက်ရုံမှ အက်စီတလင်းယိုစိမ့်ကာ မီးလောင်ကျွမ်းပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးမှုမရှိသော်လည်း အလုပ်သမား ၃ ဦးဒဏ်ရာရှိသည်ဟု အရှေ့ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး ဦးသောင်းတင်ဌေးက မဇ္ဈိမကို အတည်ပြုသည်။
"ဒဏ်ရာရတဲ့ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ထားတယ်၊ စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး။ အသေအပျောက်မရှိဘူး။ မီးလောင်မှုကိုတော့ အဆင့်သုံးလို့သတ်မှတ်တယ်။ အက်စီတလင်း ယိုစိမ့်ပြီး ၊ပေါက်တာပါ အခုတော့အားလုံးထိန်းနိုင်လိုက်ပြီ" ဟု ၎င်းကဆိုသည်။
မီးလောင်ကျွမ်းမှုအခြေအနေအတွင်း အသုံးပြုရသည့် မီးသတ်ရေယာဉ်အစီးရေဖြင့် လောင်းကျွမ်းမှု အဆင့်အတန်းကို သတ်မှတ်ခြင်းဖြစ်သည်။ လက်ရှိမီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် အစီး ၃၀ကျော် အသုံးပြုကာ မီးငြိမ်းသတ်ခဲ့ရသည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရှေ့ပိုင်းခရိုင်မှသိရသည်။