သြဂုတ် ၁၉၊ ဗီလာရီးယဲလ် ။ ။ စပိန်တိုက်စစ်မှူး ဆိုဒါဒိုသည် စပါးအသင်းမှ စပိန်ကလပ် ဗီလာရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းဖြင့် ရောက်ရှိသွားပြီဟု သတင်းများက ဖော်ပြခဲ့သည်။
အသက် ၃၀ အရွယ်ရှိ ဆိုဒါဒိုကို စပါးအသင်းက ၂၀၁၃ သြဂုတ်တွင်ခေါ်ယူစဉ်က အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၆ သန်းပေးခဲ့ရ သော်လည်း ယင်းတိုက်စစ်မှူးသည် ပရီးမီးယားလိဂ် ၅၂ ပွဲတွင် ခုနစ်ဂိုးသာသွင်းနိုင်ခဲ့သည်။
"ကျွန်တော့်ကစားသမားဘဝမှာ သိပ်ကိုအရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။ သူတို့ကမ်းလှမ်းလာတုန်းက စပိန်ကိုပြန်ရဖို့နဲ့ အသင်းကြီး တစ်သင်းမှာကစားရမယ့်အခွင့်အရေးအတွက် ကျွန်တော် တုန့်ဆိုင်းမနေနိုင်ခဲ့ပါဘူး"ဟု ဗီလာရီးယဲလ်နှင့် သုံးနှစ်စာချုပ်လိုက်သည့် ဆိုဒါဒိုက ပြောသည်။
ဆိုဒါဒိုသည် ရီးယဲလ်မက်ဒရစ်နှင့်ကစားသမားဘဝကို စတင်ခဲ့ပြီး အရန်အသင်းအတွက် ၁၂၀ ပွဲကစား ၆၃ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဂီတာဖေး၊ ဗလင်စီယာနှင့် စပါးအသင်းများထံ ပြောင်းရွှေ့ခဲ့သည်။
စပိန်လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲကစားခွင့်ရထားသည့် ဆိုဒါဒိုအတွက် ယခုအပြောင်းအရွှေ့မှာ လက်ရွေးစင်အသင်းတွင် ပြန်ရွေးချယ် ခံရမည့် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်လာနိုင်သည်။
Ref; BBC