ဘင်္ဂလားပင်လယ်အော်မှ အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” သည် အိန္ဒိယနိုင်ငံကို ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအဖြစ် အားလျော့ပျက်ပြယ်သွားသော်လည်း တိုင်းနှင့်ပြည်နယ် လေးခုတွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ကြောင်း သတိပေးချက် ရှိနေသေးသည်။
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း “မိကျောင်း” ဖြစ်လာပြီး ဒီဇင်ဘာလ ၅ ရက်တွင် အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေကို ဝင်ရောက်ပြီး အားလျော့ပျက်ပြယ်သွားသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန် မိုးလေဝသခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနက သတင်း ထုတ်ပြန်သည်။
မိကျောင်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေကို ဝင်ရောက်ခဲ့စဉ် လူ ၁၇ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အိန္ဒ်ိယနိုင်ငံအခြေစိုက်သတင်းဌာနများက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဒေသအချို့၌ မိုးအနည်းငယ်ရွာခဲ့သော်လည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အအေးပိုလာပြီး မြူထူများ ကျဆင်းနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)က ထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း