ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းနဲ့ မြို့ပြင်နေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီဇင်ဘာလ ၁ ရက်နေ့ ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၅ ရက်က ပစ်ခတ်မှုတွေဆက်ဖြစ်နေပြီး ဒေသခံတွေလည်းမြို့ထဲမှာ ဆက်ပြီးပိတ်မိနေဆဲလို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တချို့ကပြောပါတယ်။
ပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပရဟိတအဖွဲ့တွေအနေနဲ့ မြို့တွင်းဝင်ရောက်ပြီး ကယ်ဆယ်လို့ရပေမဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တွင်း မဝင်ရောက်ရဲတဲ့အပြင် ပိတ်မိနေသူတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ ကော့ကရိတ်ကနေ နဘူးတံခွန်တိုင်ရွာဘက်၊ ဘားအံမြို့ပေါ်နဲ့ ပိုင်ကျုံမြို့၊ ဒုံးရင်းမြို့တို့အပြင် သာမညတောင်ပေါ်နဲ့ မြဝတီမြို့ဘက်ကို ထွက်ပြေးခိုလှုံနေကြရပြီး စစ်ရှောင် ၁၅,၀၀၀ ကျော်ရှိနေပြီလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
ဘားအံမြို့ကို စစ်ရှောင်လာသူအရေအတွက်များလွန်းတာကြောင့် နေရာအခက်အခဲဖြစ်နေတာတွေရှိပြီး စစ်ရှောင်တွေထဲမှာ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရတဲ့သူတွေ ရှိနေတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆေးဝါးနဲ့ လိုအပ်တဲ့အကူအညီတွေပေးနေတယ်လို့ ဘားအံက လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး ၄ ရက်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် အာရှလမ်းမကြီးမှာလည်း ကားတွေ ရာနဲ့ချီ ပိတ်ဆို့နေသလို လူတွေလည်း ဘေးလွတ်ရာ ဗုံးခိုကျင်းတွေထဲ ရှောင်ပုန်းနေရပါတယ်။
အာရှလမ်းတလျောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် လမ်းပိတ်ထားရပြီး ကားငယ်တချို့တော့ ထိုကောကိုး လမ်းဘက်ကနေ မောင်းနှင်ဖို့ ထွက်ခွါသွားတာတွေရှိတယ်လို့လည်း ခရီးသွားကုန်သည်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကော့ကရိတ်ကနေ ၉ တိုင်အထိ PDF တွေက ထိန်းချုပ်ထားသလို အာရှလမ်းပေါ်မှာ ကားတွေထိမှန်တာလည်းရှိပြီး တိုက်ပွဲထဲမှာ ပိတ်မိနေတုန်းပဲလို့ ကားသမားတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း မြဝတီ-ကော့ကရိတ်ဆက်သွယ်ထားတဲ့ အာရှလမ်းမကြီးကို ဖြတ်သန်းခွင့်ပိတ်ထားပြီး စစ်ရှောင်တွေကိုလည်း စစ်ဆေးပြီးမှသာ ဖြတ်သန်းခွင့်ပြုတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
တိုက်ပွဲစတင်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေကြောင့် ကော့ကရိတ်မြို့ ဌာနဆိုင်ရာရုံးတချို့၊ ပြည်သူပိုင်နေအိမ်တွေနဲ့ ရပ်နားထားတဲ့ ကုန်တင်ယာဉ်တချို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။