မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ရန်မျိုးအောင်ရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် ရေးဘီလူးအဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ စစ်သား လေးဦး ထိခိုက်ဒဏ်ရာရှိကာ နှစ်ဦးမှာ ရေးဆေးရုံကြီး၌ သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က မဇ္ဈိမကို ပြောသည်။
“ထိသွားတဲ့လူတွေကတော့ စစ်သားခင်ဗျ။ သူတို့ ပွိုင့်ထွက်တဲ့ကားကို စောင့်ပစ်တဲ့ချိန်မှာ ကင်းပုန်းတွေလည်းရှိတော့ အပြန်လှန်ပစ်ခတ်မှုဖြစ်သွားတာပေါ့နော်။ အဲ့ကနေ ကျနော်တို့ တယောက် ဒဏ်ရာ ရသွားတယ်။ ဒါပေမယ့် ဆုတ်လမ်းကိုတော့ ကျနော်တို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ သူတို့ဘက်က လေးယောက် ထိတယ်။ နှစ်ဦးကတော့ဒဏ်ရာရပြီး နှစ်ဦးကတော့ ရေးဆေးရုံမှာပဲ ကျသွားတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့ခင်း ၁ နာရီအချိန်ခန့်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုရှိကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့ကြားတာတော့ ရဲလား စစ်သားလားမသိဘူး အဲ့ဘက်က နှစ်ယောက်ထိတယ်။ ကျနော်တို့တော့ ဆုံးတယ်တော့ မကြားဘူး။ ထိသွားတယ်ပဲ သိလိုက်တယ်။ UG ကလေးတွေကတော့ မမိဘူး သူတို့လွတ်သွားတယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့တွင် ရေးမြို့နယ် ကမ်းနားဈေး ရှိ ဖူးကော်ဖီဆိုင်တွင် မနက်စာစားနေသည့် ရေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဦးစီးမှူး ဦးဇော်နိုင်လင်း ကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့သည်။
အောက်တိုဘာ ၂၀ ရက်နေ့တွင် ရေးမြို့နယ်အထွက် ရေးတံတားကြီးတွင်တကြိမ်၊ ကျုံလောင်းရွာဟောင်းအနီး၌တကြိမ် စစ်ကောင်စီတပ်နှင့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း(၁) နှင့် ဒေါနစစ်ကြောင်းတို့ ပါဝင်သည့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ခလရ(၁၀၆) မှ ဗိုလ်ကြီးနှစ်ဦး အပါအဝင် ၂၇ ဦးခန့်သေဆုံးကာ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)