ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာလ၁၆ရက် နံနက်တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ရေတပ်ရော လေတပ်ပါအသုံးပြုပြီး တမြို့လုံးကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
ပေါက်တောမြို့ရဲစခန်းမှ မြို့နယ်ရဲမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို AA က သုံ့ပန်းအဖြစ်ယနေ့ နံနက် အစောပိုင်းကဖမ်းဆီးခဲ့ပြီးနောက် မြို့တွင်း ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ခဲ့သည်ဟု သိရသည်။
"မနက်ပိုင်း AA က လည်းမြို့ကို ရသွားပြီး နေ့လယ်ပိုင်းမှာ ရေတပ်က စစ်သင်္ဘောနဲ့ မြို့ကို ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ ညနေ သုံးနာရီလောက်မှာ မြို့ထဲသူတို့စစ်သားတွေဝင်လာပြီး မြင်မြင်ရာ လူကို ပစ်တော့တာပဲ" ဟု ဒေသခံတဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေပြည်တန်သင်္ဘောဖြင့် စစ်တွေမြို့မှ ထွက်လာပြီး ပေါက်တောမြို့သို့ရောက်ရှိလာခြင်းဟု သိရသည်။လက်ရှိတွင် ပေါက်တောမြို့ဒေသခံများသည် မြို့လုံးကျွတ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရပြီး လက်နက်ကြီးထိမှန်၍ သေဆုံးသူ သုံးဦးရှိသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း သေဆုံးသူအရေအတွက် များလာနိုင်သည်ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ယနေ့ ညပိုင်းတွင် စစ်ကောင်စီရေတပ်သင်္ဘောအချို့သည် ပေါက်တောမြို့အနီးရခိုင်ကမ်းရိုးတန်း နှင့် ပင်လယ်အတွင်းရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်းဒေသခံများက ပြောသည်။သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာတွင်လည်း စစ်ကောင်စီ၏ အခြေစိုက် ရေတပ်စခန်းရှိပြီး ကမ်းရိုးတန်းတလျှောက် ကင်းလှည့်အင်အားပြနေသည်ဟု သိရသည်။
ယခင်ငါးဖမ်းသင်္ဘောများ ဆိုက်ကပ်ရာ ငပလီကမ်းခြေ ဂျိတ္တောကျေးရွာ၊ ဖောင်ဆိပ်အနီး ရေပြင်တွင် စစ်သင်္ဘော သုံးစီး အသင့် အနေ အထားဖြင့် ရပ်ထားသည်ဟု ဒေသခံများကပြောသည်။
ရက္ခိုင့်တပ်တော်(AA) က နိုဝင်ဘာလ ၁၃ရက်နေ့နံနက်မှစ၍ ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့ရှိ စစ်ကောင်စီ စခန်းအချ်ို့ကိုတိုက်ခိုက်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်လာပြီး AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဒေသခံအရပ်သားများကို ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်နေသည်။
တိုက်ပွဲများအတွင်း မင်းပြားမြို့ ခမရ (၃၄၄) မှ ဗိုလ်မှူးအဆင့်အပါအ၀င် ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးထားပြီးမောင်တောမြို့၊ ခလရ(၂၃၂) မှ ဒုစစ်ကြောင်းမှူး အပါအ၀င် ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုဝင်ဘာလ၁၄ရက်တွင် သတင်းထုတ်ပြန်ထာသည်။ရသေ့တောင်မြို့၊ အပေါက်၀ ရဲစခန်းမှ တပ်သား ၂၂ ဦးလည်း လက်နက်ချ အညံ့ခံခဲ့ကြောင်း အသိပေးထားသည်။
စာတည်း - အေးချမ်း