ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံတဝန်း ကလေးသူငယ် ၃၂ ဦးနှင့် အမျိုးသမီး ၁၄ ဦး အပါအဝင် အရပ်သား ၁၃၄ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။
ကလေးသူငယ်သေဆုံးမှုများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့တွင်ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်တွင် ကလေးသူငယ် ၁၈ ဦးဖြင့် အများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။
“အားလုံးသိတဲ့အတိုင်း မုန်လိုင်ခတ်မှာဖြစ်သွားတဲ့ အစုလိုက်အပြုံလိုက်သေဆုံးမှုထဲမှာဆိုရင် ၁၂ နှစ် အောက်အရွယ် ကလေးသူငယ်ခြောက်ဦးပါတယ်။ ပြီးတော့ ဘယ်လိုပုံစံတွေနဲ့တွေ့ရလဲဆိုရင် ရွာထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့အခါ ကလေးသူငယ်တွေ သတ်ဖြတ်ခံရတာလည်းရှိတယ်။ စစ်ကောင်စီ ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးရတာတွေရှိတယ်”ဟု တရားရေးဝန်ကြီးဌာန၊ တရား ဉပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ အချက်အလက်ကောက် ယူသူတဦးက ပြောသည်။
အောက်တိုဘာလအတွင်း အရပ်သားသတ်ဖြတ်ခံရမှုစာရင်းတွင် အမျိုးသမီး ၁၄ ဦးပါဝင်ပြီး စစ်ကိုင်းတိုင်း ၌ အများဆုံး သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတဦးက “သူတို့က အမျိုးသမီးတွေကို နိုင်ထက် စီးနင်းလုပ်ပြီးမှ သတ်တာများတယ်။ မိန်းကလေးတွေကိုတွေ့ရင် နိုင်ထက်စီးနင်း အဓမ္မပြုကျင့်တယ်။ ပြုကျင့်ပြီးမှ မိန်းကလေးတွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင်လုပ်ပြီး သတ်ထားခဲ့တာရှင့်။ အမျိုးသမီးတွေ ရဲ့ဘဝကတော့ ဒီလိုစစ်တွင်းကာလကတော့ မလုံခြုံဘူး” ဟု ဆိုသည်။
ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရေဦးနှင့် ခင်ဦးနယ်အစပ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်းလည်း ၎င်းကပြောသည်။
ပြီးခဲ့သော အောက်တိုဘလအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတို့မှ ကလေးသူငယ် ခုနစ်ဦးအပါအဝင် တိုင်းနှင့်ပြည်နယ်များမှ အရပ်သား ၉၄ ဦး ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။ ဖမ်းဆီးခံရသည့် ကလေးသူငယ်များတွင် အသက်ငါးနှစ်အောက်အရွယ်အထိ ပါဝင်ကြောင်း တရားဉပဒေ စိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ အချက်အလက်ကောက်ယူသူ ကပြောသည်။
ထို့ပြင် တလတာအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သား ၁၈၀ ကျော်ရှိပြီး ထိုအထဲတွင် ကလေး သူငယ် ၃၀ ကျော် ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။
ပျမ်းမျှအားဖြင့် နိုင်ငံတဝန်း စစ်ကောင်စီကြောင့် တလလျှင်ကလေးသူငယ်များအပါအဝင် အရပ်သား ၁၀၀ ကျော် ပုံမှန်သေဆုံးနေကြောင်း NUG တရားရေးဝန်ကြီးဌာနမှ သိရသည်။
စာတည်း။ ။စောဖေ