စစ်ကိုင်းတိုင်း၊ မြောင်မြို့က ရဲစခန်းနဲ့ ထွေအုပ်ရုံးမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေက ခြောက်နာရီနီးပါး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ရရှိထားတဲ့သတင်းအရ ရဲနဲ့စစ်သား ၁၁ ဦးသေဆုံးပြီး ဦးခေါင်းကို သေနတ်မှန်ထားတဲ့ စစ်ကောင်စီအရာရှိတဦး ထပ်မံသေဆုံးနိုင်ချေရှိတယ်လို့ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)တာဝန်ခံက ပြောပါတယ်။
ကာကွယ်ရေးတပ်တွေဘက်က ရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးစိုးရိမ်ရတဲ့အခြေအနေရှိကာ ဆေးကုသမှု ခံယူနေရတယ်လို့ CDSOM အဖွဲ့က ဆိုပါတယ်။
မြောင်မြို့နယ် ရဲစခန်းနဲ့ ထွေအုပ်ရုံး တိုက်ခိုက်မှုတွေကို နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲကနေ ည ၁ဝ နာရီ ၄၅ မိနစ်ဝန်းကျင်အထိ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မြေပြင်စစ်ကြောင်း သုံးကြောင်းအပြင် ဒရုန်းနဲ့ပါ ဝေဟင်ကတိုက်ခိုက်ခဲ့ပြီး ဒရုန်းတစီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တင်ဆက်/တည်းဖြတ် - KMN