ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသူများမှာ လုပ်ငန်းများရပ်ဆိုင်းလိုက်သည့်အတွက် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။
“ဒီမှာရောက်နေတဲ့ အလုပ်သမားတော်တော်များများတော့ ဒုက္ခရောက်နေကြပြီ။ လမ်းတွေလည်း ပိတ် ထားတယ်။ ဝင်ငွေလည်းမရှိ၊ စားသောက်ကုန်တွေအကုန်လုံးက စျေးတက်နေတာဆိုတော့ အချိန်ကြာ လေပိုပြီးအခက်တွေ့လေပဲ။ တချို့ ဆောက်လုပ်ရေးအလုပ်သမားတွေ ဆိုင်ကယ်တွေနဲ့ အရဲစွန့်ပြန် ကြ တာရှိတယ်” ဟု လောက်ကိုင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် လောက်ကိုင်ကားဂိတ်၌ လားရှိုးသို့ပြန်ရန် ရောက်ရှိနေသူ အများအပြားကိုတွေ့ရှိရပြီး ကားခအနေဖြင့် တရုတ်ငွေ ယွမ် ၂၀၀၀ မှ ယွမ် ၃၀၀၀ အထိ တောင်းခံ ကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် ဆိုင်ကယ်ဖြင့်ပြန်ကြသူများနှင့် လမ်းလျှောက်ပြန်ရန် စီစဉ်နေကြသူများလည်းရှိကြောင်း သိရ သည်။
“လောက်ကိုင်မှာက အလုပ်သမားတွေများတယ်။ (လုပ်ငန်းများ) အများအားဖြင့် ရပ်ကုန်ကြပြီ။ စားသုံး ကုန်တွေလည်း ဝယ်ရအခက်အခဲဖြစ်လာပြီ။ မြို့တွင်းမှာတော့ ပစ်ခတ်မှုမရှိသေးဘူး။ မြို့ပြင်မှာတော့ ရှိနေတယ်” ဟု တရုတ်ဖုန်းကတ်ဖြင့် အင်တာနက်အသုံးပြုနေသော လောက်ကိုင် ဒေသခံတဦးကလည်း ယနေ့ နေ့လည်ပိုင်းက မဇ္ဈိမကိုပြောသည်။
နိုဝင်ဘာလ ၄ ရက်နေ့က ဆိုင်ကယ်များ၊ ကားများဖြင့် လားရှိုးသို့ပြန်ရန် ထွက်ခွာသွားကြသူများရှိသော် လည်း လမ်းတွင်ပစ်ခတ်မှုနှင့်ကြုံတွေ့သူများ၊ ဖြတ်သန်းသွားလာခွင့်မရသူများရှိသဖြင့် လောက်ကိုင်သို့ သာ ပြန်လှည့်လာကြကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“ပြန်တဲ့သူတွေပစ်ခံရတယ် ပြောသံကြားတယ်။ ဒါပေမယ့် အတည်မပြုနိုင်ဘူး။ အခုအချိန်က အဓိက လိုင်းတွေပိတ်ထားတော့ ဘာသတင်းမှ အတိအကျမကြားရဘူး” ဟု လောက်ကိုင်ဒေသခံက ဆိုသည်။
လောက်ကိုင်မြို့တွင် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်လျက်ရှိသည့်အတွက် အခြေအနေအသေးစိတ်အား သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ကြိုးပမ်းနေဆဲဖြစ်သည်။
ယင်းသို့ ပြည်သူများရွှေ့ပြောင်းရန် ကြိုးပမ်းနေမှုနှင့် ပတ်သက်၍ MNDAA ၏ ပြောခွင့်ရသူ လီကျာဝင်း ကမူ ၎င်းတို့အနေဖြင့် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ပြည်ထောင်စုလမ်းမအား ပိတ်ထားသည်ကို တရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းတလျှောက် တိုက်ပွဲများလည်း ဆက် လက်ဖြစ်ပွားနေသည့်အတွက် ပြည်သူများအနေဖြင့် ရောက်ရာဒေသတွင်သာ သည်းခံနေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း ပြောသည်။
“တိုက်ပွဲဖြစ်တာဆိုတာ ကလေးကစားနေတာ မဟုတ်ဘူး။ အခြေအနေကိုလည်း ဘယ်သူမှခန့်မှန်းလို့မရ တဲ့အခြေအနေဖြစ်တဲ့အတွက် လုံခြုံရေးကိုတော့ ကျွန်တော်တို့ အာမ မခံနိုင်ပါဘူး။ ဆိုတော့ ပြည်သူ လူထု တရပ်လုံးအနေနဲ့လည်း သည်းခံပေးပါ။ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု လီကျာဝင်း က ပြောသည်။
စစ်ဆင်ရေး(၁၀၂၇)၏ တိုက်ပွဲအခြေအနေများအရ လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ် ပြည်ထောင် စုလမ်းမကြီးများကို အရေးပေါ်ပိတ်ထားကြောင်း အောက်တိုဘာလ ၂၇ ရက်နေ့ကပင် MNDAA က ထုတ် ပြန်ကြေညာထားသည်။
လက်ရှိတွင် လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ရာထူးအကြီးပိုင်းများနှင့် အွန်လိုင်းလောင်းကစား (ကျား ဖျန့်) လုပ်ငန်းရှင်များကို စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားပြီ ဖြစ်သည့် အတွက် မြို့အတွင်း မရှိကြတော့ကြောင်း MNDAA ပြောခွင့်ရသူနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ