အမေရိကန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အဓိက ရင်းမြစ်တစ်ခုအဖြစ် ရပ်တည်ပေးနေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု သတ်မှတ်ချက်တွေ ကြေညာခဲ့ပါတယ်။
နိုင်ငံပိုင် MOGE အတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေက ဝန်ဆောင်မှုတွေ မပေးကြဖို့ တားမြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
မြန်မာလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျုးလွန်ရာမှာ အသုံးပြုဖို့ လက်နက်တွေ မဝယ်နိုင်အောင် စစ်ကောင်စီရဲ့ ဝင်ငွေကို ဟန့်တားဖို့ ရည်ရွယ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရဟာ မြန်မာစစ်တပ်ကို ဗြိတိန်၊ ကနေဒါတို့ နဲ့အတူ ပိတ်ဆို့အရေးယူမှုတွေ ပူးပေါင်းချမှတ်တဲ့အနေနဲ့ မြန်မာစစ်တပ်နဲ့ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ငါးဦး နဲ့ မြန်မာစစ်တပ်အတွက် ရုရှားနဲ့ အခြားနိုင်ငံတွေကနေ လက်နက်နဲ့ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်း သုံးခုတို့ကိုလည်း အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက MOGE အတွက် အကျိုးရှိစေမဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုအားလုံးကို တားမြစ်လိုက်တာနဲ့ ကနေဒါနိုင်ငံက မြန်မာနိုင်ငံကို လေယာဉ်ဆီတင်သွင်းမှုတွေအတွက် အာမခံမပေးဖို့ တားမြစ်မှုတွေကို ဟန်ချက်ညီညီ ကြေညာလိုက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုခံနေရတဲ့ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ အားပေးထောက်ခံမှုဖြစ်ကြောင်းနဲ့ ဒီပိတ်ဆို့အရေးယူမှုတွေကို ချက်ချင်း အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အလားတူပဲ ဗြိတိန်နဲ့ကနေဒါနိုင်ငံတွေကလည်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်မှု တွေ ဆက်လုပ်နိုင်စေအောင် အားပေးကူညီနေတဲ့ လက်နက်ပွဲစားတွေ၊ ဘဏ္ဍာငွေရှာပေးနေသူတွေ အပါအဝင် လူပုဂ္ဂိုလ် ငါးဦးနဲ့ အဖွဲ့အစည်းတစ်ခုတို့ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနက အောက်တိုဘာလ ၃၁ ရက်က ကြေညာလိုက်ပါတယ်။
ကနေဒါနိုင်ငံ ကမ္ဘာ့ရေးရာဝန်ကြီးဌာနကလည်း အမေရိကန်၊ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှု အရ၊ လူပုဂ္ဂိုလ် ၃၉ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာလ ၃၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ အစိုးရပိုင် MOGEအပေါ် အမေရိကန်က တိုက်ရိုက်ကျကျ ပစ်မှတ်ထား အရေးယူမှုမျိုး ပထမဆုံးအကြိမ် လုပ်ဆောင်လာခြင်းလည်း ဖြစ်ပါတယ်။ အရင်က အမေရိကန်ဟာ MOGEရဲ့ ခေါင်းဆောင်ပိုင်းတွေကို အရေးယူ ပိတ်ဆို့တာမျိုး ရှိခဲ့ဖူးပေမယ့် လုပ်ငန်းတစ်ခုလုံးကို ဦးတည်လာတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။
MOGEအပေါ် အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုဟာ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုနေကြတဲ့ အပြည့်အဝ အရေးယူ ပိတ်ဆို့မှု အဆင့်ထိတော့ မပြင်းထန်သေးပါဘူး။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မမူလန်ကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ကြိုဆိုကြောင်းနဲ့ MOGE ကို အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့တဲ့အရေးယူမှု အမြန်ဆုံးချမှတ်ဖို့လည်း အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။
MOGE အပါပဝင် စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းတွေကို ထိရောက်အောင် ဟန့်တားဖို့ ကုလသမဂ္ဂ တာဝန်ရှိသူ တချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ တိုက်တွန်းနေကြတာပါ။