စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် နှစ်နေရာတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးနှင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာနှင့် မုံရွာမြို့ သာစည်လမ်း ပညာရေးကောလိပ် အနီးတွင် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပစ်ပွားခဲ့သည့် ပညာရှေးကောလိပ်အနီးပစ်ခတ်မှုတွင် အနီးရှိ အသက် ၂၀ ကျော်အရွယ် လင်မယား နှစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပြီး ၎င်းတို့၏ တနှစ်အရွယ်ကလေးငယ် ကျန်ရစ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်းလည်း မုံရွာအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက အတည်ပြုပြောကြားသည်။
“ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးတာနဲ့ အရပ်သားလင်မယား နှစ်ဦး သေဆုံးတာဟုတ်ပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ ဘယ်ကာကွယ်ရေးအဖွဲ့က သွားတိုက်ခိုက်တာလည်းဆိုတာကို မသိသေးပါဘူး” ဟု ၎င်းကဆိုသည်။
ထို့ပြင် ကျောက်စစ်ပုံကျေးရွာအနီးရှိ အမှတ်(၅၀၈) အမြှောက်တပ်မှ စစ်ကောင်စီတပ်သားများ သာစည်အကျဥ်းထောင်သို့ သွားရောက်စဥ် ယမန်နေ့ နံနက် ၇နာရီအချိန်တွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့ကတိုက်ခိုက်ခဲ့ကြောင်း Black Dragon Force က ထုတ်ပြန်ထားသည်။
“ အဲဒီစစ်ကြောင်းမှာ နောက်ကနေ ကျန်ခဲ့တဲ့ သင်းကွဲတွေကို တိုက်ခိုက်ခဲ့တာပါ ။ အရှေ့က စစ်ကြောင်းက ပြန်လှည့်မလာဘဲ သာစည်ဘက် ဆက်ထွက်သွားကြတယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကပြောသည်။
ထိုဖြစ်ရပ်တွင် စစ်ကောင်စီတပ်သားသုံးဦးကို တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဆိုသည်။
သေဆုံးသူ စစ်ကောင်စီတပ်သားကိုင်ဆောင်သော MA1 တလက်၊ ကျည်ဘောက် သုံးခု ၊ ၈၀မမ ဗုံးသီးတလုံး ၊ အီနာဂါ ဗုံးသီးတလုံး ၊ ၅ဒဿမ ၅၆ ကျည်ဆန် ၂၀၀ကျော် ၊ ကျည်ကာအင်္ကျီတစ်ထည်၊ ကျောပိုးအိတ်တလုံး နှင့် လက်ကိုင်ဖုန်းတလုံးသိမ်းဆည်းရခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) Black Dragon Force ၊ မုံရွာခရိုင်တပ်ရင်း အမှတ်(၂၇) - တပ်ခွဲ(၂) သလ္လာဝတီ PDF ၊ Titans People Defense Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၆) တပ်ခွဲ(၁) Brother Defense Force - တပ်စိတ်(၃) , Moe Hein Defense Force တို့ ပူးပေါင်းခဲ့ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်းသိရသည်။
မုံရွာမြို့အတွင်းရှိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စစ်ကောင်စီတပ်သားများ နေရာ ယူတပ်စွဲ၍ စစ်ဆေးမှုများပြုလုပ်နေသည့်ကြားမှ မြို့ပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့ များကတိုက်ခိုက်မှုခပ်စိပ်စိပ်ပြုလုပ်လာနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး