၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာသော အသင်းများထွက်ပေါ်လာခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို အိမ်ကွင်း ၊အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ ကစားစေမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရတနာပုံအသင်းက ဟံသာဝတီအသင်းကို ၂-၁ ဂိုး ဖြင့်လည်းကောင်း၊ မကွေးအသင်းက GFA အသင်းကို ၂-၀ ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီအသင်းက ဇွဲကပင်အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ယူနိုက်တက်အသင်းက မနောမြေအသင်းကို ၈-၂ ဂိုးဖြင့်လည်း ကောင်း အသီးသီးအနိုင်ရကာ ဆီမီးဖိုင်နယ် သို့ တက်ရောက်လာခဲ့သည်။
ဆီမီးဖိုင်နယ်တွင် ရတနာပုံအသင်းနှင့် မကွေး အသင်း၊ ဧရာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ကစားကြမည်ဖြစ်သည်။ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို သြဂုတ် ၁၂ ရက်နှင့် ၁၉ ရက်များ တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို သြဂုတ် ၂၂ ရက်နှင့် ၂၃ ရက်များတွင် ကစားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်သို့ တက်ရောက်လာနိုင်ကြသော အသင်းလေးသင်းတွင် ရတနာပုံအသင်းနှင့် ဧရာဝတီ အသင်းတို့ နှစ်သင်းသာ အိမ်ကွင်းရှိပြီး မကွေးအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ အိမ်ကွင်းမ ရှိသေးသောကြောင့် အနည်းငယ် နစ်နာဖွယ်ရှိသည်။
ရတနာပုံအသင်းသည် သြဂုတ် ၁၂ ရက်တွင် ပထမအကျော့အဖြစ် မကွေးအသင်းကို မန္တလေးမြို့၊ ဗထူးကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး သြဂုတ် ၂၂ ရက်တွင် ရန်ကုန်မြို့၌ ဒုတိယအကျော့အဖြစ် ကစားရ မည်ဖြစ်သည်။
အလားတူ ဧရာဝတီအသင်းသည် ပထမအကျော့အဖြစ် ရခိုင်ယူနိုက်တက်အသင်းကို သြဂုတ် ၁၉ ရက်တွင် ပုသိမ် မြို့၊ ဧရာဝတီဘောလုံးကွင်း၌ လက်ခံကစားမည်ဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင် ရန်ကုန်မြို့၌ ဒုတိယအကျော့ ကစားမည်ဖြစ် သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ဆီမီးအဆင့်သို့ တက်ရောက်လာသောအသင်းလေးသင်းမှာ အမှတ်ပေးပြိုင်ပွဲနှင့်ရှုံးထွက်ပြိုင်ပွဲ ပြိုင်ပွဲနှစ်ရပ်စလုံး ကစားရမည်ဖြစ်သောကြောင့် ပွဲပန်းနိုင် သည့် အနေအထားမျိုးတွင် ရှိနေသည်။