ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာပြီး PDF- Zoland ထံသို့ အလင်းဝင်လာကြောင်း သိရသည်။
လုပ်သက်ကိုးနှစ်နှင့် သုံးနှစ်ရှိပြီဖြစ်သည့် ရဲတပ်သားနှစ်ဦးသည် ကာကွယ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ သြဂုတ်လ ၂၀ရက်နေ့တွင် အလင်းဝင်လာပြီး CDMပြုလုပ်လာခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးက MA-3 နှစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်တောင့် ၂၀၀ကျော် ယူဆောင်လာသည်ဟု PDF- Zoland တာဝန်ရှိသူက ဆိုသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့၍ ပြည်သူနှင့်အတူ ပူးပေါင်းလာခြင်းဟု CDM ပြုလုပ်လာသူရဲတပ်သားတဦးက မဇ္စျိမကိုပြောသည်။
" ကျွန်တော်တို့ ပြည်သူတွေနဲ့ပူပေါင်းချင်လို့ ကျွန်တော်တို့ခံယူချက်နဲ့ ဝင်လာတာပါ"ဟု ၎င်းကပြောသည်။
လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်လာခြင်းဖြစ်၍ အဆိုပါ ရဲတပ်သားနှစ်ဦးကို ဆုကြေးငွေ ကျပ် ၁၀၀သိန်း ချီးမြှင့်ခဲ့ကြောင်း PDF- Zolandမှ တာဝန်ရှိသူထံမှ သိရသည်။နှစ်ဦးစလုံးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီးကြောင်း သိရသည်။
ပြီးခဲ့သည့် မေလကလည်း တီးတိန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး သည် သေနတ်တလက်အပါအဝင်လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာခဲ့ရာ PDF – Zoland မှ ငွေကျပ် ၅၀သိန်းချီးမြင့်ခဲ့သည်။ထို့အပြင် မေလအတွင်းမှာပင် ဖလမ်းမြို့အခြေစိုက် ခလရ (၂၆၈)မှထွက်ပြေးလာသူ စစ်ကောင်စီတပ်သားနှစ်ဦးကို PDF-Zolandက လုံခြုံရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုသော စစ်ကောင်စီလက်အောက်ခံများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍သော်လည်းကောင်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
စာတည်း - အေးချမ်း