အော့နှလုံးနာဖွယ် သတ်ဖြတ်ပြသည့် ဗီဒီယိုများတွင် အနောက်နိုင်ငံသား ဓားစာခံများစွာကို ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ပြီးနောက် ဂျီဟတ်ဒီဂျွန်(Jihadi John) ဟု အမည်ပေးထားသူသည် ကမ္ဘာ၏ အာရုံစိုက်မှုကို ခံနေရသည်။ သို့သော်လည်း ယခုအခါ မျက်နှာဖုံးစွပ် ကွပ်မျက်ရေးသမား ဂျီဟတ်ဒီဂျွန်အတွက် အခြေအနေများ ပြောင်းလဲကုန်ပြီ ဖြစ်သည်။
ထွက်ပေါ်လာသည့် သတင်းများအရ ၎င်း၏ လန်ဒန်လေသံကြောင့် ဂျီဟတ်ဒီဂျွန်ဟု အမည်ပြောင် ပေးထားသော အသက် ၂၆ နှစ်အရွယ် မိုဟာမက်အဲမ်ဝါဇီသည် လွန်ခဲ့သည့် သီတင်းပတ်များစွာကပင် အိုင်အက်စ်တို့နယ်မြေမှ ထွက်ခွာခဲ့ပြီး မြောက်အာဖရိကသို့ ထွက်ပြေး သွားပြီဟု သိရသည်။ ယင်းသို့ ထွက်ပြေးရခြင်းမှာ စစ်သွေးကြွအုပ်စုက ၎င်းအပေါ် ဘက်ပြန်မည်ကို ကြောက်ရွံ့သောကြောင့်ဟု ဆိုသည်။
“အိုင်အက်စ်က သူ့ကို အိုင်အက်စ်က ကျောက်ခဲတစ်လုံးလို လွှတ်ချမယ်၊ ဒါမှမဟုတ် ပိုဆိုးရင်တော့ သူဟာ သူတို့အတွက် အသုံးမဝင်တော့ဘူးလို့ ယူဆမှာပဲ ဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက Daily Express ကို ပြောကြားသည်။
“ဒါ့ကြောင့် သူဟာ သူ့ရဲ့ဓားစာခံတွေလိုပဲ တူညီတဲ့ ကံကြမ္မာကို ခံစားရင်း အဆုံးသတ်လိမ့် မယ်ဆိုတာ ဖြစ်နိုင်ပါတယ်”ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။ မျက်နှာဖုံးကွာသွားခြင်းနှင့် နောက်ဆက်တွဲ အမည်ဆိုးဖြင့် ကျော်ကြားမှုတို့က အိုင်အက်စ်တို့အတွက် ၎င်း၏ တန်ဖိုးလျော့ကျ သွားပြီဟု အဲမ်ဝါဇီက စိုးရိမ်နေကြောင်း Daily Express က ဖော်ပြခဲ့သည်။
ထို့အပြင် မနာလိုသော အိုင်အက်စ်အဖွဲ့ဝင်များကလည်း ၎င်းအပေါ် မကောင်းကြံနိုင်မည်ကို အဲမ်ဝါဇီက စိုးရိမ်နေသည်ဟု ဆိုသည်။ အမေရိကန်ဂျာနယ်လစ်များနှင့် အကူအညီပေးရေး လုပ်သား များဖြစ်သော စတီဖင်ဆော့တ်လော့ဖ်၊ ဂျိမ်းဖိုလေး၊ ဗြိတိသျှလူမျိုးများဖြစ်သော ဒေးဗစ်ဟိန်းစ်နှင့် အလန်ဟင်းနင်း တို့အား သတ်ဖြတ်မှုဖြင့် အဲမ်ဝါဇီကို အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အလိုရှိနေသည်။
ကူဝိတ်တွင် မွေးဖွားကာ ဗြိတိသျှတွင် ကြီးပြင်းခဲ့သော ကွန်ပျူတာသိပ္ပံဘွဲ့ရ အဲမ်ဝါဇီသည် အနောက်နိုင်ငံသား ဓားစာခံများကို မသတ်ဖြတ်မီ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဗြိတိန် ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွန်းတို့ကို လှောင်ပြောင် ရန်စခဲ့သည်။ အဲမ်ဝါဇီသည် ဂျပန်ဓားစာခံ ကင်ဂျီဂို့တို့ကို ခေါင်းဖြတ်ပြသည့် ဇန်နဝါရီလက ဗီဒီယိုထွက်ပေါ်ပြီးနောက် လူထုမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။
သို့သော်လည်း အဲမ်ဝါဇီသည် ၎င်းအသက်အတွက် စိုးရိမ်မှုမှာ ယခုအကြိမ်က ပထမဆုံး အကြိမ် မဟုတ်ဟုဆိုသည်။ သူသည် အကြမ်းဖက်သမားဘဝကို စတင်ရန် ဆီးရီးယားသို့ မသွားမီက လုံခြုံရေး အဖွဲ့ဝင်များနှင့် တိုးချိန်ကလည်း စိုးရိမ်ခဲ့ရသေးသည်။
ဂျာနယ်လစ်တစ်ဦးနှင့် အပြန်အလှန် အီးမေးလ် ပေးပို့မှုအရ ၂၀၁၀ ပြည့်နှစ်က လက်တော့ပ် ကွန်ပျူတာ တစ်လုံးကို ရောင်းရန်ကြိုးစားစဉ် ဗြိတိသျှ သူလျှိုဟု ၎င်း ထင်မြင်ခဲ့သူတစ်ဦးနှင့် မျက်နှာချင်း ဆိုင်တွေ့စဉ် အဲမ်ဝါဇီက သတ်သေရန် စဉ်းစားခဲ့ဖူးသည် ဆိုသည်။
သို့ရာတွင် လူသိများသော လူသတ်သမားတစ်ဦးကို အိုင်အက်စ်က အလွန်အကျွံ အသုံးပြု လိုဟန် မရှိဟု နိုင်ငံတကာ အစွန်းရောက်မှုနှင့် နိုင်ငံရေးအကြမ်းဖက်မှု လေ့လာရေး စင်တာမှ သုတေသီ တစ်ဦးဖြစ်သူ နစ်ကေဒါဘာဟီက ပြောကြားသည်။